ပေါ့ဘာ ဘာစီလိုနာ၊ ကယ်တင်နေတဲ့ ဒီဂီယာ၊ ချိတ်ဆက်မှုတွေ ရနေတဲ့ ကာဗာနီ၊ မာတစ်နဲ့ မန်ယူ သတင်းများ
ကာတာနဲ့ ဆောဒီအာရေဗျ ဘက်က ကလပ်အသင်းတွေဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်း မတိုးဘဲ လမ်းခွဲကြတော့မယ့် တိုက်စစ်မှုး ကာဗာနီ၊ ဝါရင့် ကွင်းလယ် မာတာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။
ဘောလုံးဝေဖန်သူတွေအဖြစ်ဆောင်ရွက်နေတဲ့ မီကာရစ်ချတ်နဲ့ ကာရေဂါတို့က မန်ယူ ချန်ပီယံလိဂ်ဖလား ရနိုင်တယ်လို့ ပြောဆိုခဲ့တဲ့ ပီတာရှမိုက်ကယ်ကို လှောင်ပြောင်ခဲ့ပါတယ်။ အွန်နရီက ဒီရာသီမှာ မန်ယူချန်ပီယံလိဂ် ရနိုင်သလားလို့ မေးခဲ့ရာမှာ ရှမိုက်ကယ်က Yes လို့ တုန့်ပြန်ခဲ့တာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အမြဲတမ်း နည်းပြ နေရာအတွက် ပိုချက်တီနို ကိုချည်း အသည်းအသန် ကြိုးစား မနေသင့်ဘဲ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာနဲ့ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာ တို့ကို စဉ်းစားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
အဲဗာတန်မှာ အငှား ကစားနေတဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်က “ကျွန်တော့်အနေနဲ့ နေရာစုံမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် နံပါတ် ၈၊ Box to box နေရာတွေ ကစားရတာ နှစ်သက်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ခြေစွမ်းနဲ့ ပတ်သတ်လို့ ပျော်ရွှင်ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ အနေနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေဆဲဖြစ်ကြောင်း ပြင်သစ် သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိမှာ ပေါ့ဘာရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကိုရောက်ရှိနေပြီး လက်ရှိ အချိန်အထိ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။
မန်ယူကွင်းလယ်လူဟောင်း ချက်ဝစ်က တိုက်စစ်မူှး စီရော်နယ်ဒို အနေနဲ့ မန်ယူအသင်းမှာ အဓိက အစိတ်အပိုင်း အဖြစ် ကစားနေဆဲဖြစ်ပြီး ပွဲတိုင်း မိနစ် ၉၀ ပြည့် မကစားပေးရပေမဲ့ မန်ယူအသင်းမှာ နေရာရှိသေးကြောင်း၊ စီရော်နယ်ဒို အနေနဲ့ လာမဲ့ရာသီ အသင်းမှာသာ ဆက်နေသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူဂန္ထဝင်ဟောင်း အန်ဒီကိုးလ်က မန်ယူအနေနဲ့ ဒီရာသီမှာ ဒီဂီယာကြောင့်သာ မဟုတ်ဘူးဆိုရင် တော်တော်လေး ရုန်းကန်ရမှာဖြစ်ပြီး ဒီဂီယာသာ မရှိရင် မန်ယူဟာ အမှတ်ပေးဇယား အလယ်အလတ် အသင်း အဖြစ်သာ ရှိနေမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။