ဂျော်ဂျင်ဟို နေရာ အစားထိုးနိုင်သူ၊ အာနိုးရဲ့ စိန်ခေါ်မှု၊ ဒေါ့မွန် ဝင်ပြိုင်လာခြင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

လီဗာပူးနောက်ခံလူ အာနိုးလ်က လိဂ်ဖလားဗိုလ်လုပွဲ မတိုင်ခင် ပြိုင်ဘက်ချဲလ်ဆီးကို သတိပေးမှုပြုလုပ်ခဲ့ပြီး မိမိတို့ အသင်းဟာ ဆုဖလားတိုင်းကို အနိုင်ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့လိဂ်ဖလားကို အရ ယူသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အေဂျက်ဇ် တောင်ပံကစားသမား အန်တိုနီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့အသင်းတွေထဲ ချဲလ်ဆီးအသင်းလည်း ပါဝင်လာပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရာဇီး ကစားသမားဟာ အေဂျက်ဇ်မှာ စွမ်းဆောင်ရည်ကောင်း ပြသထားပြီး နွေမှာ အသင်းကြီးတစ်သင်းထံ ပြောင်းဖွယ် ရှိနေတာပါ။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက အသင်းဖော်ဂိုးသမား ကီပါကို ချီးကျူးခဲ့ပြီး မန်ဒီ မရှိချိန်မှာ ကီပါက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း၊ အသင်းသားတွေကလည်း ကီပါအပေါ်ယုံကြည်ချက်အပြည့်ရှိကြောင်း၊ ကီပါဟာ ထိပ်တန်းအဆင့် ဂိုးသမားဖြစ်နေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးကပစ်မှတ်ထားနေတဲ့ နောက်ခံလူ အာရူဂျိုကို စာချုပ်သက်တမ်း တိုးမြှင့်ရေးလက်လျှော့သွားမှာ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ဘရူဂျိုဟာ ဇာဗီရဲ့အစီအစဉ်ထဲမှာ အဓိက အစိတ်အပိုင်း အဖြစ် ပါဝင်နေပါတယ်။

ချဲလ်ဆီး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက် ဟာ ဂျော်ဂျင်ဟိုရဲ့နေရာကို အစားထိုးနိုင်သူလို့ ထောက်ခံလိုက်ပြီး ဒီလန်ရိုက်ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ပါက ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဒေါ့မွန်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ရိမ်းစ် တိုက်စစ်ကစားသမား အီကီတိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း လန်ဒန်သတင်းဌာန က ဖော်ပြထားပါတယ်။ ၁၉နှစ် အရွယ်ကြယ်ပွင့်ဟာ အမ်ဘာပေနဲ့ ခိုင်းနှိုင်း ခံထားရသူဖြစ်ပြီး ဒီရာသီမျာ ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။

မန်ယူကစားသမားဟောင်း ကလီဘာဆန်က လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်အနေနဲ့ လာမဲ့အပြောင်းအရွှေ့မှာ ချဲလ်ဆီးကိုပြောင်းရွှေ့သွားနိုင်ကြောင်း၊ ချဲလ်ဆီးရဲ့ ကစားပုံကတိုင်လီမန့်စ်နဲ့ လိုက်ဖက်မှု ရှိကြောင်း ချဲလ်ဆီးရဲ့ ကစားပုံကို ကြည့်ရင် ဘောလုံး ကိုင်ထားတဲ့အခါ အလွန် သက်သောင့်သက်သာ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။