ဘောလုံးလောကရဲ့ စံချိန်တင် တစ်ပတ် ပေါင် ၁ သန်း လစာနဲ့ အမ်ဘာပေကို စည်းရုံးနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ အသင်း ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေ ကို ဆက်ထိန်းထားဖို့အတွက် ဘောလုံးလောကရဲ့ စံချိန်တင် လစာဖြစ်တဲ့ တစ်ပတ်လစာပေါင် ၁ သန်းအထိ ပေးပြီး ကမ်းလှမ်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်ရှိတဲ့ ဘာပေ ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၄ လသာကျန်ရှိတော့ပြီး စာချုပ်သစ်အတွက်လည်း သဘောတူညီချက် မရသေးပါဘူး။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရသူဟာရာသီကုန်ရင် ရီးရဲလ်မက်ဒရစ် ကိုပြောင်းဖို့ အကြို သဘောတူ ထားတယ် လို့ ဖော်ပြခဲ့ကြပြီး မက်ဒရစ်မှာတစ်ပတ်လစာပေါင် ၈သိန်းခွဲ အထိ ရရှိမယ်လို့လည်း ဆိုပါတယ်။

ရာသီကုန်ရင် အလွတ်ထွက်ခွာနိုင်မယ့် ဘာပေ တစ်ယောက် ရီးရဲလ်မှာရမယ့်လစာနဲ့ ပတ်သက်ပြီး အများက အံ့အားသင့် နေချိန်မှာ ပီအက်စ်ဂျီက ရီးရဲလ်ထက် ပိုများလွန်းတဲ့ လစာနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ရီးရဲလ်ဟာပြီးခဲ့တဲ့ နွေရာသီကတည်းက ဘာပေ ကို နှစ်ကြိမ်တောင် ကမ်းလှမ်းခဲ့သေးပေမယ့် ပီအက်စ်ဂျီဘက်က ငြင်းပယ်ခဲ့လို့ စာချုပ်ပြည့်အောင် စောင့်ပြီး သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အခုသတင်းတွေထွက်ပေါ်ချိန်မှာ ပီအက်စ်ဂျီဘက်ကလည်း ဘာပေ ကိုအသင်းမှာ ဆက်ရှိဖို့ နောက်ဆုံး ကြိုးပမ်းတဲ့အနေနဲ့ ရီးရဲလ်ဘက်က လိုက်ပေးနိုင်ဖို့ မရှိတဲ့ တစ်ပတ်လစာပေါင် ၁ သန်းနီးပါးနဲ့ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းတော့မယ်လို့ အင်ဒီပင်းဒန့် သတင်းစာကြီးက ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဘာပေ ကို စာချုပ်သစ်ကမ်းလှမ်းတာ အခုတစ်ကြိမ်က ပထမဆုံးတော့မဟုတ်ပါဘူး။ ကလပ်ရဲ့ အားကစား ဒါရိုက်တာဖြစ်တဲ့ လီယိုနာဒို ကသူတို့ဟာ ဘောလုံးလောကမှာ လုံးဝမရှိသေးတဲ့ လစာပမာဏနဲ့ ဘာပေ ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့တယ်လို့ ပြီးခဲ့တဲ့နွေရာသီ ထုတ်ပြောထားပါတယ်။

ဘာပေ ဟာသူ့ကစားသမားဘဝမှာ တစ်ဦးချင်း အတွက်ရော အခြားအောင်မြင်မှုတွေ အတွက်ပါ ရီးရဲလ်ကို ပြောင်းချင် နေလို့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုဟာ သိပ် အရာမထင်လောက်ဘူးလို့လည်း ဆိုနေကြပါတယ်။

ဘာပေဟာ ရီးရဲလ်ကိုဘဲ ပြောင်းသည်ဖြစ်စေ ပီအက်စ်ဂျီမှာဘဲ ဆက်နေသည်ဖြစ်စေ သူရမယ့်လစာက ဘောလုံးလောက ရဲ့ စံချိန်တင်ဖြစ်လာမှာပါ။

ရီးရဲလ်နည်းပြ အန်စလော့တီ ကလည်း ဘာပေဟာဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့ မကြာသေးခင်က ပြောကြားထားပါတယ်။