ရီးရဲလ်ပစ်မှတ် တီယာနေး၊ အွန်နရီ သုံးသပ်မှု၊ လူမဝယ်တဲ့ အကြောင်းရင်းနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

ဥရောပ ထိပ်သီးအသင်းတချို့ ပစ်မှတ်ထားနေတဲ့ စတုဂတ် ဘယ်နောက်ခံလူ ဆိုဆာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ အာဆင်နယ် လည်း ပါဝင်လာကြောင်း နာမည်ကျော် သတင်းထောက် ခရစ္စတီယန်ဖော့က ဖော်ပြထားပါတယ်။ ဆိုဆာဟာ တာဗာရက်စ် ထက် ပိုမိုကောင်းမွန်ကာ တီယာနေးကို ဖိအားပေးနိုင်မယ့် ကစားသမားအဖြစ် အာတီတာက ယူဆ နေပါတယ်။

အာဆင်နယ် အသင်းဟာ လိဒ်စ် ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို ပစ်မှတ်ထား လာပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ လိဒ်စ်ကနေ ထွက်ခွာကာကစားသမားဘ၀ နောက်တစ်ဆင့် တက်လှမ်းဖို့ ကြံရွယ်နေပြီး သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက အပြိုင်ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။

ဂန်ားနား တိုက်စစ်မှုးဟောင်း အွန်နရီကတော့ ဒီကြားရက်မှာ တခြား အသင်းကြီးတွေ ဥရောပပွဲ ကစားနေရပေမယ့် အာဆင်နယ် မကစားရတာက ကောင်းတဲ့ အားသာချက် ပဲ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် အသင်းရဲ့ CEO ဖြစ်သူ ဗီနိုင်း ဗန်ကိတ်ရှမ် က ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူမဝယ်ခဲ့တာက ခေါ်လို့ ရနိုင်သူတွေဟာ အာဆင်နယ် အကြိုက် ကစားသမားတွေ မဟုတ်ခဲ့တာကြောင့်လို့ ကာကွယ် ပြောဆို သွားခဲ့ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးတိုက်စစ်မူှး ဘရိုဂျာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ ဘရိုဂျာဟာ ပုံမှန် ပွဲထွက်ခွင့်ရတဲ့ အသင်းကို ပြောင်းလိုနေပြီး ဥရောပပြိုင်ပွဲတွေလည်း ကစားလိုနေတာပါ။

Spotify ဟာ ဘာစီလိုနာနဲ့ ဂျာစီနဲ့ ကွင်းအမည် စာချုပ်မချုပ်ခင် အာဆင်နယ်နဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငြင်းဆန်ခံခဲ့ရပါတယ်။ Spotify ရဲ့ ပိုင်ရှင် ဒန်နီရယ်အက်ဟာ အာဆင်နယ် ပရိသတ်ဖြစ်ပြီး အာဆင်နယ်ကို ဝယ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေတာပါ။

ရီးရဲမက်ဒရစ် နည်းပြ အန်ဆယ်လော့တီ ဟာ အာဆင်နယ် နောက်ခံလူ ကီရန် တီယာနေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အန်ဆယ်လော့တီ ဟာ တီယာနေး ကို ၃ နှစ်ကြာအောင် ကင်းထောက် စောင့်ကြည့် ထားတယ်လို့လည်း သိရပါတယ်။

လာမဲ့နွေရာသီမှာ အာဆင်နယ်ကို ရောက်ရှိလာတော့မဲ့ အမေရိကန်ဂိုးသမား တာနာက ပွဲထွက် နေရာအတွက် ဖိအားပေးသွားမယ်လို့ အသင်းဖော် ဂိုးသမား ရမ်ဒေးစ် ကို သတိပေးမှုပြုလုပ်ခဲ့ပြီး ရမ်ဒေးစ်ကို ပိုကောင်းအောင် တွန်အားပေး သွားမှာဖြစ်သလို မိမိကိုယ်ကိုယ်လည်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က သူ့အသင်း အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ကြောင်း၊ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ လမ်းကြောင်းမှန်မှန်နဲ့ ချီတက်နေပြီး ဝုဗ်နဲ့ ပွဲမျိုးကို အနိုင် ရလိုက်တာ အရေးပါကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂနာဘရီကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းလျက်ရှိနေကြောင်း The Sun က ဖော်ပြထားပါတယ်။ ဂနာဘရီရဲ့စာချုပ်ဟာလာမဲ့ရာသီမှာကုန်ဆုံးမှာဖြစ်ပြီး လက်ရှိမှာ သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီချက် မရသေးတာပါ။ အာဆင်နယ်ဟာ သူ့ကိုလျှော့ဈေးနဲ့ ခေါ်နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက ယူရိုပါလိဂ်ပွဲစဉ်မှာ ပထမဆုံး ပွဲဦးထွက် ကစားခဲ့တဲ့ တိုက်စစ်မူှး အူဘာမီယန်ကို ချီးကျူးခဲ့ပြီး အူဘာမီယန်ဟာ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုပိုင်း အားနည်းနေသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။ အူဘာမီယန်က ဇန်နဝါရီမှာ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာ ပြောင်းခဲ့တာပါ။