ပိုကောင်းလာတဲ့ ပီပီ၊ အိုဝင် ခန့်မှန်း၊ အိုဒီဂတ် ဝန်ခံစကားနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

မန်ယူနဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ဒီည ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ်က ဘရန့်ဖို့ဒ် ကို ၂-၀ နဲ့ အနိုင် ရသွားမယ် လို့ သုံးသပ် ခန့်မှန်း ထားပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင် အသင်းပိုင်ရှင် ခရွန်ကီအနေနဲ့ နည်းပြအာတီတာကို ထိပ်တန်း ကစားသမားတွေ ခေါ်ယူပေးဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပြီး အာဆင်နယ် က လီဝင်၊ ဝက်ပရောက်စ်တို့ကို ခေါ်ယူသင့်ကြောင်း၊ ထိပ်တန်း အသင်းတွေထဲမှာ အာဆင်နယ် တစ်သင်းတည်းသာ ထိပ်တန်းအဆင့် တိုက်စစ်မှူး မရှိတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်က အသင်းကနေ တိုက်စစ်မူှး အူဘာမီယန် ထွက်သွားတာ ဝမ်းနည်းမိတယ် လို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ မိမိတို့အသင်းဟာ သွင်းဂိုးတွေရဖို့အတွက် ကစားသမား တစ်ဦးတစ်ယောက် အပေါ် မှီခိုနေတဲ့ အသင်း မဟုတ်ကြောင်း၊ ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီပြီး အပြန်အလှန် ဂိုးဖန်တီးမှုရဖို့ ကူညီပေးနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဆက်ဂ်နာက ရာသီအစ ၃ ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရနိုင်တော့ဘူးဆိုတဲ့ မိမိရဲ့ ပြောဆိုချက်ဟာ အနည်းငယ် ကြမ်းခဲ့ကြောင်း၊ လက်ရှိမှာတော့ အာဆင်နယ်ဟာ အဆင့်လေး ဝင်ခွင့်ရဖို့ အဖက်ဖက်က အခွင့်အရေး ရှိနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ တီယာနေး က အာဆင်နယ်မှာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဟာ ရော့ဘ်ဟိုးဒင်း ဖြစ်ကြောင်း၊ မိမိအနေနဲ့ အာဆင်နယ်ကို စတင် ရောက်ရှိလာကတည်းက ဟိုလ်ဒင်းက ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

နည်းပြအာတီတာက တောင်ပံကစားသမား ပီပီအနေနဲ့ အာဖရိကဖလားပြိုင်ပွဲကနေ ပြန်လာပြီးနောက် ခြားနားတဲ့ ကစားသမား ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ပီပီရဲ့အကောင်းဆုံးခြေစွမ်းတွေကို လိုအပ်လျက်ရှိကြောင်း၊ အဆင့်လေး အတွင်း ယှဉ်ပြိုင်မှုမှာ ပီပီဟာ အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်မှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လိဒ်စ်ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို ပစ်မှတ်ထား လာပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သား ကွင်းလယ်လူဟာ လိဒ်စ်ကနေ ထွက်ခွာကာ ကစားသမားဘ၀ နောက်တစ်ဆင့်တက်လှမ်းဖို့ ကြံရွယ်နေပြီး သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက အပြိုင်ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။

ခြေသလုံးကြွက်သား ဒဏ်ရာရရှိနေတဲ့ နောက်ခံလူ တိုမီယာဆုအနေနဲ့ ဘရန်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ တိုမီယာဆုအနေနဲ့ ကြံ့ခိုင်မှု အလုံးစုံအပြည့်ဝကြီး မဟုတ်ပေမဲ့ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြောင်း၊ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရည်မှန်းထားကြောင်း နည်းပြ အာတီတာက ဖွင့်ဟခဲ့ပါတယ်။