ချန်ပီယံလိဂ်ပဲ အာရုံစိုက်တော့မယ် ဆိုတဲ့ တူချယ်၊ ပဲလေ့စ်ပွဲ လွဲသူ ၂ဦးနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
တူချယ်ကတော့ ချဲလ်ဆီး ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေတွေကို ငြင်းဆန်လိုက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သာ အာရုံစိုက်ထားတယ်ပြီးလို့ ပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ်ပွဲမှာ အသင်းခေါင်းဆောင် ကျူတာနှင့် တိုက်စစ်မှုး ဝါနာတို့ကို လက်လွတ်ရမှာ ဖြစ်ကြောင်း နည်းပြတူချယ်က အတည်ပြုခဲ့ပါတယ်။
ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်လူ ၅ ဦးစာရင်းကိုရွေးချယ်ခဲ့ရာ ချဲလ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ကို ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။
ရိုက် က ကိုဗာဆစ်နဲ့ ပြိုင်ဘက်အဖြစ် မရင်ဆိုင်မိအထိ သူ ဘယ်လောက်အထိ ကောင်းသလဲဆိုတာ သိကြမှာ မဟုတ်ဘူး လို့ ဆိုလိုက်ပြီး ကိုဗာဆစ်ဟာ Final Pass တွေ ကောင်းမွန်ကာ ပွဲအပေါ် ထိန်းချုပ်နိုင်ကြောင်း၊ ရင်ဆိုင်ရ ခက်တဲ့ပြိုင်ဘက်လည်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဘယ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန်က သူ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးကြောင်း၊ အဲဒီတုန်း က ရိုးမားမှာ သူရရှိနေတဲ့ လစာပမာဏကို ချဲလ်ဆီးက အံ့အားသင့်ခဲ့ကြောင်း၊ ချဲလ်ဆီးက ယူရို ၇ သိန်းခွဲ ကျော်လောက်နဲ့ ကမ်းလှမ်းခဲ့ကြောင်း၊ မိမိအနေနဲ့ အဲဒီပမာဏလောက်နဲ့ အင်္ဂလန်ကို မပြောင်းချင်ခဲ့ကြောင် ထုတ်ဖော် ခဲ့ပါတယ်။
ချဲလ်ဆီးတောင်ပံ ကစားသမား ကင်နေဒီ အား ဗလင်စီယာ အပါအဝင် လာလီဂါကလပ်တွေ စိတ်ဝင်စားနေကြကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကင်နေဒီကို ဖလာမင်ဂိုထံကနေ ပြန်ခေါ်ထားခဲ့တာပါ။
ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ တိုက်စစ်ကစားသမားကိုင်ဟာဗက်ဇ်ထံကနေ ဒီထက်ပိုမို သွင်းဂိုးတွေ မျှော်လင့် ထားကြောင်း၊ ကိုင်ဟာဗက်ဇ်အနေနဲ့ တဖြည်းဖြည်းနဲ့ အထိုင်ကျလာနေကြောင်း၊ ပွဲအတွင်းအစိတ်အပိုင်းမှာတော့ ကိုင်ဟာဗက်ဇ် ဟာ တိုးတက်မှုရှိလာကြောင်း ဖွင့်ဟခဲ့ပါတယ်။

တူချယ်က သူတို့အနေနဲ့ ပဲလေ့စ်ကို အငှားချထားတဲ့ လူငယ်ကြယ်ပွင့် ဂယ်လင်ဟာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရသေးခြင်း မရှိကြောင်း၊ ရာသီကြိုမှာကတည်းက ဂယ်လင်ဟာရဲ့ အရည်အသွေးကောင်းတွေကို တွေ့မြင်ခဲ့ရကြောင်း၊ ဂယ်လင်ဟာကို ပိုင်ဆိုင်ထားတဲ့အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီကန်မဲ့ ကိုင်ဟာဗက်ဇ်ကို ဖိအား မများအောင် ပြုလုပ် ပေးခဲ့တဲ့ အသင်းခေါင်းဆောင် အက်ပီကျူတာရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ပြီး ကျူတာဟာ အသင်းဖော်တွေကို ကာကွယ် တတ်သူဖြစ်ပြီး ဒါကသူ့ရဲ့ အခြေခံ လုပ်ရပ်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူမစ်ဆန်မောင့်ကို အနည်းဆုံးနောက်ထပ် ၂ ပွဲလောက် ထည့်သွင်းအသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ မစ်ဆန်မောင့်အနေနဲ့ လီဗာပူးနဲ့ယှဉ်ပြိုင်ရမဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။