ဥရောပဘောလုံးလောကမှ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု
ရိုးမားအသင်းဟာ အသင်းရဲ့ ဂိုးသမား ပါအူလိုပက်ဇ်ကို မာဆေးလ်အသင်းဆီ အငှားချခဲ့ပြီးနောက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီဂိုးသမားကြီး ရူအီပတ်ထရစ်စီယိုကို ပြောင်းရွှေ့ကြေး ယူရို(၁၁)သန်းနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ ရိုးမားနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့ရပါတယ်။
ဗီလာရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရတဲ့ ကိုလံဘီယာ ဝါရင့်တိုက်စစ်မှူးကြီး ကားလို့စ်ဘတ်ကာဟာ လာလီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂရန်နာဒါအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး တစ်နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဟိုဆေးမော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ ရိုးမားအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ချယ်လ်ဆီးနောက်ခံကစားသမား ဇူးမားကို စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးအသင်းကတော့ သူတို့ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) ပေးချေသွားရမယ်လို့ အသိပေးလိုက်ပါတယ်။
ကားလို့စ်ဘတ်ကာနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဗီလာရီးယဲလ်အသင်းဟာ ပြင်သစ်ကလပ် Stade Reims အသင်းရဲ့ ဆီနီဂေါတိုက်စစ်ကစားသမား ဘူလေဒီယာကို ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းနဲ့ ခေါ်ယူလိုက်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့တဲ့ နောဝစ်ချ်စီးတီးအသင်းဟာ နိုက်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပီယာလီယက်စ်မိလူးကို ပြောင်းရွှေ့ကြေး ယူရို(၆)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
တူရကီကလပ် ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ရတဲ့ ၂၀၂ဝခုနှစ် မတ်လကနေစတင်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီရယ်စတာရစ်ချ်ဟာ လတ်တလောမှာတော့ စပိန်လာလီဂါပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ ရီးယဲလ်မာယော့ကာအသင်းဆီမှာ လေ့ကျင့်ခန်းတွေ ဆင်းလို့နေသလို အသင်းနဲ့လည်း စာချုပ်ချုပ်ဆိုဖွယ်လည်း ရှိလို့နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို ရောင်းချသွားဖို့ အစီအစဉ်ရှိနေပြီး ဒီကစားသမားကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။