ဖျားနေကြတဲ့ အသင်းသားများ၊ ဂွာဒီယိုလာဆီ သွားချင်သူ၊ မီလီတာယို ချိတ်ဆက်မှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ကလပ် ကမ္ဘာ့ဖလား ပွဲ ကစားပြီး ပြန်လာတဲ့ ချဲလ်ဆီးအသင်းသားတွေထဲက ၆ ဦးဟာ ရာသီဥတု အပြောင်းအလဲ ကြောင့် ဖျားနာနေကြောင်း နည်းပြ တူချယ်က မနေ့ကပဲလေ့စ်နဲ့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

အီမာဆန်က ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မိခင်ကလပ် ချဲလ်ဆီးက ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် လိုင်ယွန်မှာပဲ ဆက်နေခဲ့ခြင်းဟာ သူ ဒီမှာ တစ်ရာသီ ကစားမယ် ပြောထားတဲ့ ကတိကို တည်လိုတာကြောင့် ဖြစ်ကြောင်းနဲ့ နောက်ရာသီတော့ မသေချာသေးကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ အဆင့်နှစ် နေရာက လီဗာပူးကို လိုက်မှီရေး လက်မလျှော့သေးဘူး လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒီယက်ဇ်ကို ခေါ်ယူလိုက်တာက လီဗာပူး အင်အား ပိုမိုတောင့်တင်းလာပြီး တစ်ပွဲပြီး တစ်ပွဲ တိုးတက်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာ လူငယ်ကြယ်ပွင့် ဂါဗီကို ခေါ်ယူနိုင်ရေး အလားအလာကောင်းလျက်ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီး တာဝန်ရှိသူတွေအနေနဲ့ ဂါဗီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ကြိုးပမ်းနေတာပါ။ ဂါဗီရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင်သန်း ၅၀ ရှိပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ ဘောလုံးထိချက် ၇ ကြိမ်သာ ရှိခဲ့ပြီး လူကာကူ ခြေစွမ်း တော်တော် ဆိုးဝါးနေရခြင်းဟာ သူ့နည်းစနစ် တွေကြောင့်တော မဟုတ်ကြောင်း နည်းပြ တူချယ်က ပွဲအပြီးမှာ ရှင်းလင်းခဲ့ပြီး ဘာကြောင့် ဆိုတာ သူလည်း နားမလည် နိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီယက်ချ်က ပဲလေ့စ်နဲ့ပွဲဟာ မိမိတို့အတွက် ခက်ခဲခဲ့ပြီး အခွင့်အရေးများများစားစား မရခဲ့ကြောင်း၊ မိမိတို့ဟာ ပရီးမီးယားလိဂ် မကစားရတာ လေးပတ်ကြာမြင့်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ နောက်ထပ် ဆုဖလားများစွာ ရယူနိုင်ဖို့ ပြင်းပြနေကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဘုတ်အဖွဲ့အနေနဲ့ နည်းပြတူချယ်ရဲ့ တောင်းဆိုမှုအတိုင်း လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်နောက်ခံလူ မီလီတာယို ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီး တာဝန်ရှိသူတွေ က စပိန်မှာ တွေ့ဆုံသွားဖို့ ကြိုးပမ်းသွားမှာပါ။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက မိမိအနေနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ လက်အောက်မှာ ကစားလိုတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဂျော်ဂျင်ဟိုက ဒါက အနာဂတ်မှာ ဖြစ်လာမလား ဆိုတာ မိမိအနေနဲ့ မသိရှိကြောင်း၊ ငယ်ငယ်တုန်းက ဘာစီလိုနာပွဲတွေကိုကြည့်ပြီး ကြီးပျင်းလာတာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်း ပရိသတ် ဖြစ်တဲ့ ဟာသသရုပ်ဆောင် ရက်ဆဲလ်က ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်အနေနဲ့ ချဲလ်ဆီးကို မပြောင်းရွှေ့သင့်ကြောင်း၊ ရိုက် အသင်းမှာ ဆက်နေမယ်ဆိုရင် ဂန္ထဝင်တစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ဝက်စ်ဟမ်း ပရိသတ်တွေက ဒီလန်ရိုက်ကို အလွန်ချစ်ခင်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။