ဗိုလ်လုပွဲမှာ ပြန်ပါတော့မယ့် ဂျိမ်းစ်၊ ရူဒီဂါနဲ့ စပါး၊ လူကာကူ အား ဝေဖန်မှုနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

စပါးဂိုးသမားဟောင်း ရော်ဘတ်ဆန်က သူ့အသင်းဟောင်း စပါးအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကိုခေါ်ယူသင့်ကြောင်း၊ လက်ရှိ စပါးဟာ ကွင်းအတွင်း ဦးဆောင်မဲ့ ကစားသမား ပျောက်ဆုံးနေကြောင်း၊ ရူဒီဂါဟာ စစ်မှန်တဲ့ ခေါင်းဆောင် ဖြစ်ပြီး စပါး အတွက် မယုံနိုင်စရာကောင်းတဲ့ ခေါ်ယူမှု ဖြစ်မှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

နယူးကာဆယ်ဂန္ထဝင်ဟောင်း အလန်ရှီးယားက ချဲလ်ဆီးတိုက်စစ်မူှး လူကာကူဟာ ပေးရတဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှု မရှိကြောင်း၊ လူကာကူဟာ ကွင်းထဲမှာ လမ်းလျှောက်နေပြီး အားထုတ်မှုမရှိကြောင်း၊ ဘောလုံး၇ ချက်ပဲ ထိခဲ့တယ် ဆိုတာက ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က ကိုဗစ်ကာကွယ်ဆေး မထိုးထားသေးရတဲ့ ကစားသမားတွေအနေနဲ့ ပြင်သစ်မှာ သွားရောက် ကစားရမဲ့ လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ခွင့်ရဖို့ ယုံကြည်နေပါတယ်။ လက်ရှိမှာ ပြင်သစ်အနေနဲ့ ကိုဗစ် ကာကွယ်ဆေး မထိုးထားသူတွေကို နိုင်ငံတွင်းပေးမဝင်တဲ့ စည်းမျဉ်း ထုတ်ပြန်ထားတာပါ။

ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်နောက်ခံလူ မီလီတာယို ကို ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ မီလီတာယိုကိုခေါ်ယူနိုင်ဖို့အတွက်ကစားသမားရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးလျက်ရှိနေတာပါ။ ဒါပေမဲ့ ရီးရဲက သူတို့ရဲ့နောက်ခံလူကို ဘယ်လိုမှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က ကာလရှည်ဒဏ်ရာပြဿနာကနေ အနားယူခဲ့ပြီးနောက် လီဗာပူးနဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ ရီစီဂျိမ်းစ်ဟာ ဒီဇင်ဘာလ အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူ နေခဲ့ရသူ ဖြစ်ပါတယ်။

လိုင်ယွန်မှာ အငှားနဲ့ကစားနေတဲ့ ချဲလ်ဆီးနောက်ခံလူ အီမာဆင်က သူ့အနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကို မပြန်ခဲ့ခြင်းမှာ လိုင်ယွန်ကို ပေးထားတဲ့ ကတိတည်ချင်လို့ဖြစ်ကြောင်း၊ ရာသီကုန်အထိ အသင်းမှာဆက်ရှိနေမယ်လို့ ဂျူနင်ဟို ကို ကတိပေးထားခဲ့ကြောင်း၊ ဒါပေမဲ့ လာမဲ့ရာသီမှာတော့ အခြေအနေတွေကိုကြည့်ရဦးမှာဖြစ်ကြောင်း ထုတ်ဖော် ခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်က ပဲလေ့စ်နဲ့ပွဲဟာ မိမိတို့အတွက ်ခက်ခဲခဲ့ပြီး အခွင့်အရေးများများစားစား မရခဲ့ကြောင်း၊ မိမိတို့ဟာ ပရီးမီးယားလိဂ် မကစားရတာလေးပတ်ကြာမြင့်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ နောက်ထပ် ဆုဖလားများစွာ ရယူနိုင်ဖို့ ပြင်းပြနေကြောင်း ဆိုခဲ့ပါတယ်။