မန်ယူနဲ့ ချန်ပီယံလိဂ် ပွဲမတိုင်ခင် ဒဏ်ရာ ပြသနာတွေနဲ့ တိုင်ပတ်နေတဲ့ အက်သလက်တီကို မက်ဒရစ်
အက်သလက်တီကို မက်ဒရစ် အသင်းခေါင်းဆောင် ကွင်းလယ်လူ ကိုကီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ပါဝင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ စပိန် ကွင်းလယ်လူဟာ အိုဆာဆူနာနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ဒီနေ့ပြုလုပ်မယ့် အသင်းလေ့ကျင့်ခန်း အစီအစဉ်ကိုပါ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အားလုံးကို ပွဲထွက်ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၈ နိုဝင်ဘာလကစပြီး ချန်ပီယံလိဂ်ပွဲတွေကို လုံးဝလွဲချော်ခဲ့သူမဟုတ်ဘဲ ပါဝင် ကစားပေးခဲ့တာလည်း ဖြစ်ပါတယ်။
ကိုကီရဲ့ ကြံ့ခိုင်မှု အခြေအနေကို အက်သလက်တီကိုက စောင့်ကြည့်နေရတယ်လို့သိရပြီး တကယ်လို့သာ သူ မပါဝင်နိုင်ဘူး ဆိုရင် ဆီမြွန်နီအတွက် အခက်ကြုံတော့မှာဖြစ်ပါတယ်။

နောက်ထပ် ခေါင်းကိုက်စရာ အဖြစ် ကတော့ ကွန်ဟာနဲ့ ဒန်နီရယ်ဝက်စ်တို့လည်း မပါဝင်နိုင်လို့ အေတီကိုမှာ လူရွေးချယ်ဖို့ အတွက် အကြပ် တွေ့နေတာပါ။
သောမတ်စ်လီမာနဲ့ ဘင်ဂျမင်လီကွန်တီတို့ကလည်း လေ့ကျင့်ခန်း အစီအစဉ်တွေကို ဆက်လက် လွဲချော်နေဆဲဖြစ်ကာ ကာရက်စ်ကိုနဲ့ ဖိလစ်ပီတို့ကလည်း ပွဲပယ်ခံထားရလို့ အေတီကို အတွက် တော်တော်လေး ခေါင်းခဲနေရပါတယ်။
စပိန်သတင်းစာ AS သတင်း အဆိုအရတော့ ဆီမြွန်နီဟာ သူ့အသင်းကို ၄-၄-၂ ကစားကွက်ကနေ ပြောင်းလဲ အသုံးပြုဖွယ် ရှိတယ် လို့ သုံးသပ်ခဲ့ပြီး လေ့ကျင့်ကွင်းမှာ ခံစစ်ကစားသမား ၅ ဦး ပါဝင်တဲ့ ကစားကွက်ကို လေ့ကျင့်ခဲ့တယ် လို့ ဆိုပါတယ်။
တီကို တိုက်စစ်ပိုင်းမှာ ကော်ရီယာနဲ့ ယာအိုဖိလစ်တို့ကို ထားရှိပြီး ဆွာရက်ဇ်ကိုတော့ အရန်ကစားသမား အဖြစ်နဲ့သာ ထားရှိမှာဖြစ်ကာ ဂရစ်မန်းကတော့ ပေါင်ဒဏ်ရာကနေ မသက်သာသေးဘူးလို့ သိရပါတယ်။