ချဲလ်ဆီး က ပေါင် သန်း ၉၀ ကျော်တန် တိုက်စစ်မှုးကြီးကို ဘာလို့ ချန်ခဲ့ရလဲ တူချယ် ရှင်းလင်း
ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့မှာ လိုင်လီ အသင်းကို ကိုင်ဟာဗက်ဇ် ၊ ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ နွေတုန်းက ကလပ်စံချိန်တင်ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ထားခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အရန်ခုံ ပို့ကာ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ကို အထောင် တိုက်စစ် နေရာမှာထားပြီး False 9 ပုံစံနဲ့ ကစားစေခဲ့ပါတယ်။
တူချယ်ရဲ့ ဆုံးဖြတ်ချက် အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ဟာဗက်ဇ် ဟာ ခြေစွမ်းပြ ဂိုးပါသွင်းပြီး တုန့်ပြန်ပြခဲ့ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ပွဲပန်းဒဏ်ကြောင့် လူကာကူကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် ဘယ်လ်ဂျီယံသားက လတ်တလော ဝေဖန်မှုတွေအောက် ရောက်နေတာကြောင့် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။

တူချယ် က ” ရိုမီလူ ဟာ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ဒီ အခန်းကဏ္ဍမှာ ပါဝင်ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာ အရပါ ပင်ပန်းနေတယ်လို့ ကျွန်တော် ယူဆမိတာပါ။ ဒီနှစ် အစပိုင်း က လီဗာပူးနဲ့ ပွဲနောက်ပိုင်း သူ ပွဲတိုင်း ပွဲထွက်ခွင့် ရခဲ့ပြီးတချို့ ပွဲတွေမှာ အချိန်ပိုတွေ အထိ ကစားပေးခဲ့ရပါတယ်။ ဒီနေ့မှာ ပုံစံကောင်း ရနေတဲ့ ကိုင် ကို တည်ပြီး ကျန်တဲ့ တိုက်စစ် ကစားသမားတွေနဲ့ ဝန်းရံခဲ့တာပါ။ ”
” ဒီပွဲမျာ ပိုပြီး ပြင်းထန်တဲ့ လုပ်အားနဲ့ ကစားအားတွေကို အလိုရှိခဲ့တယ်။ ဟုတ်ပါတယ် ။ ကာရာဘောင် ဖိုင်နယ် အတွက် ပွဲထွက်စာရင်း ရွေးချယ်တာ က ဒီနေ့ပွဲ အပေါ်ချည်း မူတည်မှာ မဟုတ်ပါဘူး ။ နောက် ၄ရက် အတွင်း ဘာမဆို ဖြစ်နိုင်ပါသေးတယ် ။ ရိုမီလူမှာလည်း လာမယ့် ဖိုင်နယ်ပွဲ ကစားဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ”
” နောက်ပြီး လတ်တလော သူ့အပေါ် ဝေဖန်မှုတွေဆီက ကာကွယ်ပေးဖို့ ဆိုတာကလည်း တချက် ဖြစ်တယ် ဒီနေ့ပွဲ ဟာ ခက်ခဲခဲ့ပြီး ၊ ပွဲမစခင်ကဆို လူတိုင်း မေးနေကြတာ ရိုမီလူ အကြောင်း ဖြစ်ပါတယ် ။ ဒီနေ့မှာ သူ အပါအဝင် ကစားခွင့် မရခဲ့ကြတဲ့ အသင်းသား ၉ယောက် အထိ ရှိခဲ့ပါတယ်။ ”
” ဘောလုံး ဟာ အသင်းလိုက် ပူးပေါင်းရတဲ့ အားကစားနည်း ဖြစ်တယ် ဆိုတာ မမေ့ကြပါနဲ့။ ပွဲထွက်ခွင့် ရတဲ့ ကစားသမား ၁၁ယောက်လုံး ဟာ အသင်းနဲ့ အသင်းဖော်တွေ အတွက် ရာနှုန်းပြည့် ပေးဆပ်ထားကြတာပါ။ အရန်ခုံ က အသင်းသားတွေလည်း ထိုနည်းတူပါပဲ။ အထူးသဖြင့် ချဲလ်ဆီးလို အသင်းမျိုးမှာ ဒီလို နည်းလမ်းနဲ့ပဲ နိုင်ပွဲတွေ ရှာဖွေနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။