ချဲလ်ဆီးနဲ့ အပြိုင် တိုက်စစ် ပစ်မှတ်၊ အာတီတာရဲ့ လစာတိုး စာချုပ်သစ်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတို့ဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်သမား မိုက်ကယ် အိုလစ်စ် ကို အပြိုင် ကြိုးစားလာကြောင်း သတင်း ထွက်လာပါတယ်။ အိုလစ်စ်ကို အဲဗာတန်၊ ဘိုင်ယန်မြူးနစ်နဲ့ လိုင်လီတို့ကလည်း ချိတ်ဆက်နေပါတယ်။

စပါး နည်းပြဟောင်း ဟယ်ရီရက်နက်ကတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်ကို ထည့်သွင်းရွေးချယ်သင့်ကြောင်း၊ စမစ်ရို့စ်ဟာ တောက်ပတဲ့ အနာဂတ် ရှိသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နည်းပြ မီခေးလ် အာတီတာကို လာမယ့်နွေမှာ တစ်နှစ် လုပ်ခ ပေါင် ၈.၃ သန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အနေနဲ့ ၁၇ နှစ်အရွယ်ကြယ်ပွင့် ကစားသမား ဝယ်လ်တာစ်ကို ပရောက်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကမှ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတို့မှာ ကစားနေသူပါ။

ဗီလာ ဂိုးသမားဟောင်း ဖရီဒယ်အနေနဲ့ အာဆင်နယ်က အသစ်ခေါ်ယူလိုက်တဲ့ အမေရိကန်ဂိုးသမား မက်တာနာဟာ အံ့အားသင့်ဖွယ် ဂိုးသမားဖြစ်ကြောင်း၊ တာနာအနေနဲ့ လက်ရှိနံပါတ်တစ် ဂိုးသမား ရမ်ဒေးစ်ကို ဖိအားပေးနိုင်မှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ရိုးမားကို အငှားချထားတဲ့ ကွင်းလယ်မစ်လန်းနိုင်းလ်ကို လာမဲ့နွေရာသီမှာ ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာ မစ်လန်းနိုင်းလ်အနေနဲ့ ရိုးမားမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီးနောက် အမ်းမရိတ်စ်ကို ပြန်ရောက်လာဖွယ် ရှိနေကြောင်း The Sun က ဖော်ပြထားပါတယ်။

ဘာစီလိုနာတိုက်စစ်မှုး အူဘာမီယန်က သူ့အနေနဲ့ အာဆင်နယ်ကနေ မထွက်ခွာစဉ်မှာ နည်းပြအာတီတာက ဆက်သွယ်ပြီး သူ့အတွက် ဆုတောင်းပေးခဲ့ကြောင်း၊ လက်ရှိ ဘာစီလိုနာရဲ့ပုံစံတွေအရ အာတီတာ နည်းစနစ်တွေနဲ့ ဆင်တူကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန် က သူ့အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အတွက် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲကို လက်လွှတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်ကဘာစီလိုနာကို အမှန်တကယ် ပြောင်းချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့လစာကိုတောင် လက်လွှတ်ခံခဲ့တယ်လေ။ ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးဗျ”လို့ အူဘာမီယန်က ဆိုခဲ့ပါတယ်။

ဘောလုံးဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ အက်ဒရီယန်ဒေါ်ဟန်က အာဆင်နယ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဆာကာဟာ လီဗာပူးနဲ့ လိုက်ဖက်သူဖြစ်ကြောင်း၊ ဆာကာရဲ့ အရည်အသွေးဟာ ချန်ပီယံလိဂ်မှာ ကစားသင့်ကြောင်း၊ သူ့အနေနဲ့ ကလော့လက်အောက်မှာ ဆာကာ ကစားတာကို တွေ့မြင်လိုကြောင်း ဆိုခဲ့ပါတယ်။