မန်ယူက ထိပ်တန်းပဲလို့ ပွဲကြို ချီးကျူးတဲ့ ဆီမြွန်နီ၊ ယူရို ၇၅သန်း တန် ကွင်းလယ်ပစ်မှတ်နဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူက လိုက်ပ်ဇစ် တိုက်စစ်သမား အမ်ကွန်ကူကို လာမယ့် နွေမှာ ခေါ်ယူဖို့ စဉ်းစားနေပြီး ၎င်း အတွက် တန်ကြေး ယူရို ၇၅ သန်းထိ ပေးရဖို့ ရှိနေကြောင်း ဂျာမန်သတင်းတွေက ဖော်ပြထားပါတယ်။
မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဆန်ချိုအနေနဲ့ ဂရင်းဝုဒ်နဲ့ မာရှယ်လ်တို့ မရှိတော့တဲ့ အနေအထားမှာ အမြဲတမ်း ပုံမှန် ကစားခွင့် ရတော့မှာဖြစ်ကြောင်း၊ ဆန်ချိုလို ကစားသမားမျိုး အနေနဲ့ ပုံမှန်ကစားခွင့် တစ်နေရာကို ရသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမဲ့ မန်ယူကို ပွဲကြိုမှာ ချီးကျူးခဲ့ပြီး နည်းပြ ရန်နစ် ရောက်လာခဲ့ပြီးနောက် မန်ယူဟာ ကမ္ဘာ့ထိပ်တန်းအသင်းနဲ့ တူသွားကြောင်း၊ မိမိသာ အမှတ်မမှားဘူးဆိုရင်မန်ယူဟာ လိဂ် နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ထားကြောင်း၊ ရန်နစ်ရောက်လာပြီးနောက် မန်ယူဟာ မာကျော ကျစ်လျစ်လာကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူ ကွင်းလယ်သမား ဖရက်က ရာသီဝက်မှာ နည်းပြ အပြောင်းအလဲ လုပ်တာက အားလုံး အတွက် အခက်တွေ့စေကြောင်း ထောက်ပြခဲ့ပြီး အသင်းက ရေရှည် အစီအစဉ်တွေ လုပ်ရမယ့် အစား ရေတို ဖြေရှင်းမှုတွေနဲ့ ရှေ့ဆက်နေရကြောင်း ပြောဆိုလိုက်ပါတယ်။
မန်ယူ နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက မန်ယူက လာမဲ့နွေရာသီမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပြီး ဒီလန်ရိုက်ဟာ old-school ကစားသမားတွေကို ပြန် အမှတ်ရစေကြောင်း၊ ကြိုးစား အားထုတ်မှု ကောင်းမွန်သူဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ ဖရက်ဒ်က အသင်းဂန္ထဝင် ကစားသမားဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ ရွိုင်ကိန်းတို့ရဲ့အသင်းအပေါ် ဝေဖန်လွန်းနေမှု အပေါ် သဘောမတူကြောင်း၊ ဒါတွေက သူတို့ရဲ့အလုပ်ဖြစ်ပြီး သူ ဘာမှတုံ့ပြန်မှာ မဟုတ် ကြောင်း၊ ကွင်းအတွင်းပဲ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကို တိုက်စစ်မူှး ကာဗာနီ လွဲချော်မှာဖြစ်ကြောင်း မန်ယူနည်းပြ ရန်နစ်က အတည်ပြုခဲ့ပါတယ်။ ကာဗာနီဟာ လွန်ခဲ့တဲ့ ၂ပတ်ခန့် အသင်းနဲ့လေ့ကျင့်ခန်းနိုင်ခြင်း မရှိခဲ့ဘဲ စပိန်မြေကို လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။