ကလော့ပ်နဲ့ ပက်တို့ ထိပ်ဆုံး မှာ မရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း နည်းပြ စာရင်း
အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီကတော့ ကမ္ဘာ့ အချမ်းသာဆုံးနည်းပြ ဖြစ်လာခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု ဟာ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာထက်တောင် ပိုများပါတယ်။ WealthyCelebrity ဝက်ဆိုဒ်ရဲ့ စစ်တမ်းတွေအရ လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြ ၅ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။
၅။ ဂျိုဆေးမော်ရင်ဟို (ပေါင် ၁၉.၂ သန်း)
လက်ရှိဘောလုံးလောကမှာ အသင်းပေါင်းစုံကို ကိုင်တွယ်ခဲ့ပြီး ထာဝရအကောင်းဆုံး နည်းပြအဖြစ်တောင် သတ်မှတ် ရတော့မယ့် နည်းပြဂျိုဆေးမော်ရင်ဟိုဟာ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနဲ့ စပိန်တို့မှာ ပြည်တွင်း လိဂ်ဖလားတွေ ကိုလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကိုလည်း ၂ ကြိမ်ရရှိခဲ့ဖူးသူပါ၊ ပထမတစ်ကြိမ်က ပေါ်တိုနဲ့ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တုန်းကဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ ၂၀၀၉-၁၀ ရာသီက အင်တာမီလန်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုကတက်နဲ့ တော့တင်ဟမ်တို့လို ငွေကြေးကြွယ်ဝတဲ့ အသင်းတွေကိုလည်း ကိုင်ခဲ့ဖူးတဲ့ လက်ရှိရိုးမားနည်းပြကြီးဟာ ပိုင်ဆိုင်မှုစုစုပေါင်း ပေါင် ၁၉.၂ သန်းရှိပါတယ်။

၄။ ဂျာဂန်ကလော့ပ် (ပေါင်သန်း ၂၀)
လီဗာပူးအသင်းရဲ့ နှစ် ၃၀ ကြာအလှမ်းဝေးခဲ့တဲ့ လိဂ်ချန်ပီယံဆုကို ပြန်လည်ရယူပေးခဲ့သလို၊ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ချန်ပီယံဆုကိုလည်း ရယူပေးခဲ့တဲ့ နည်းပြဂျာဂန်ကလော့ပ်က ဒီစာရင်းမှာပါဝင်လာတာ မဆန်းပါဘူး။ ဂျာမန်သားနည်းပြကြီးဟာ အခုဆိုရင် အန်ဖီးလ်မှာ ၇ ရာသီမြောက်ကိုရောက်နေပြီဖြစ်ပြီး လီဗာပူးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း နောက်ထပ် ၂ နှစ်ကျန်ရှိပါသေးတယ်။ စာချုပ်သစ်သာ ထပ်ချုပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုဟာ ပေါင်သန်း ၂၀ ထက်တောင် ပိုများလာဖို့ရှိပေမယ့် လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ကျရင်တော့ နည်းပြအလုပ်ကနေ ခေတ္တအနားယူမယ်လို့ အရိပ်အမြွတ်ပြောခဲ့ပါတယ်။
၃။ ပက်ဂွာဒီယိုလာ (ပေါင် ၂၂.၇ သန်း)

မန်စီးတီးနည်းပြကြီး ဂွာဒီယိုလာကတော့ စီနီယာအသင်းနည်းပြအဖြစ် ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာကို တာဝန် ယူခဲ့ပြီးနောက် ပထမဆုံးရာသီမှာတင် ရရှိခဲ့တဲ့ ဖလားသုံးလုံးအပါအဝင် ပြည်တွင်းလိဂ်ချန်ပီယံ ၉ ကြိမ်ထိ ရရှိခဲ့ပါတယ်။ နူးကမ့်ရာသီမတိုင်ခင်မှာလည်း နောက်ထပ်ချန်ပီယံလိဂ်ဖလားတစ်လုံး ရရှိခဲ့ပြီးနောက်မှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးအသင်းတွေမှာ အောင်မြင်မှုတွေ ဆက်လက်ရယူခဲ့ပါတယ်။
လက်ရှိက မ္ဘာ့အချမ်းသာဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးကို ၆ နှစ်ကြာတာဝန်ယူခဲ့ပြီးနောက်မှာ ဂွာဒီယိုလာရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၂၂.၇ သန်းထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် စီးတီးနဲ့စာချုပ်က နောက်ရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ရဲ့ကာလရှည် အနာဂတ်ကတော့ မရေရာသေးပါဘူး။
၂။ အန်တိုနီယို ကွန်တီ (ပေါင် ၂၅.၃ သန်း)
ဂွာဒီယိုလာထက်တောင် အန်တိုနီယိုကွန်တီရဲ့ ကြွယ်ဝမှုက ပိုများနေပြီး ပေါင် ၂၅.၃ သန်းနဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး နည်းပြအဖြစ်ရပ်တည်နေပါတယ်။ အီတလီသားကြီးရဲ့ မှတ်တမ်းတွေကလည်း အထင်ကြီးစရာပါပဲ။ အင်္ဂလန်နဲ့ အီတလီ တို့မှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ ၃ နှစ်ဆက်ချန်ပီယံပါ ဖြစ်ခဲ့ပါသေးတယ်။ အီတလီ လက်ရွေးစင် အသင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပြီး နိုဝင်ဘာလကမှ တော့တင်ဟမ်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ၁၈ လ စာချုပ်ချုပ်ဆိုထားပါတယ်။
၁။ ဒီယေဂိုဆီမြွန်နီ (ပေါင် ၃၄.၁ သန်း)

ဒုတိယနေရာက ကွန်တီထက်တောင် ပေါင် ၈.၈ သန်း ပိုကြွယ်ဝပါသေးတယ်။ အဲ့ဒါကြောင့် ဆီမြွန်နီတစ်ယောက် အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာခဲ့ရင်တောင် ကမ္ဘာ့အချမ်းသာဆုံးနည်းပြအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။ အက်သလက်တီကို ဟာ ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်နေသလို လီဗန်တေး၊ ဂရန်နာဒါနဲ့ မာရော့ကာတို့ကို ရှုံးနိမ့်ထားပါတယ်။