အိပ်မက်တွေ ဖြစ်လာတဲ့ အီလန်ဂါ၊ ကစားသမား ၁၁ ဦးထိ ရောင်းဖို့ ရှိခြင်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ မက်တွမ်မီနေးက အဖျားဝေဒနာကြောင့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တွမ်မီနေးဟာ ရန်နစ်ရဲ့လက်အောက်မှာ ပုံမှန် ကစားခွင့်ရနေပြီး စွမ်းဆောင်ရည် ကောင်း တချို့ကို ထုတ်ပြထားတာပါ။

မန်ယူကစားသမားဟောင်း ပေါလ်စခိုးက နည်းပြရန်နစ်အနေနဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပွဲထွက်စာရင်းကနေ ချန်လှပ် သင့်ကြောင်း၊ ရက်ဖု့ိဒ်ဟာ ဘောလုံးရရင် လုပ်ချင်ကိုင်ချင်စိတ်များပြားနေကြောင်း၊ ရက်ဖို့ဒ်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်လျက် ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူကြယ်ပွင့် အီလန်ဂါက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ အီလန်ဂါ က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံရာမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရရှိဖို့ အိပ်မက်မက်ထားခဲ့တယ် လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အကြီးစားပြုပြင်မှုတွေ ပြုလုပ်ဖွယ် ရှိနေပြီး ကစားသမား ၁၁ ဦးခန့်ကို ရှင်းထုတ်ဖွယ်ရှိနေကြောင်း ESPN ကဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ ဗန်ဒီဘတ်ချ်၊ လင်ဂတ်၊ မာရှယ်လ်၊ ပေ့ါဂ်ဘာ၊ ကာဗာနီ၊ မာတာ၊ ဖီးလ်ဂျုံးစ်၊ မာတစ်၊ တွမ်ဇီဘီ၊ ဘိုင်လီ၊ ဒိန်း ဟန်ဒါဆန်တို့ အားလုံးကို ရောင်းထုတ်သွားဖွယ် ရှိနေတာပါ။

မန်ယူကစားသမားဟောင်း ပေါလ်ပါးကာက စီရော်နုယ်ဒိုအနေနဲ့ မန်ယူထက် မန်စီးတီးကိုသာ ပြောင်းရွှေ့သင့်ကြောင်း၊ မန်ယူမှာက စီရော်နယ်ဒိုက အထီးကျန်နေပြီး ဘောလုံးများများ ထိခွင့်မရကြောင်း၊ မန်စီးတီးမှာဆိုရင် စီရော်နယ်ဒိုအနေနဲ့ အခွင့်အရေးတွေ ပိုရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က သူတို့အနေနဲ့ တကယ်လို့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ် ဆိုရင်တော့ ထိပ်တန်း ပစ်မှတ်တွေကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအနေနဲ့ လာမဲ့နွေရာသီမှာ ဟယ်ရီကိန်းနဲ့ ဒီကလန် ရိုက် တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နည်းပြရန်နစ်ရဲ့ နည်းစနစ်ပိုင်းတွေကို မန်ယူကစားသမားတွေ မပျော်ရွှင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို ဖရက်က ငြင်းဆိုခဲ့ပြီး သူတို့အနေနဲ့ နည်းပြရဲ့ နည်းစနစ်ပိုင်းတွေကို စိုးရိမ်မှုမရှိကြောင်း၊ နည်းပြက အသင်းအတွက် အကောင်းဆုံး ဖြစ်စေမဲ့နည်းကို စဉ်းစားပြီး ကစားသမားတွေက အကောင်းဆုံးလိုက်ဆောင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။