မန်ယူကို အမှီလိုက်ဖို့ တွေးမယ့်အစား ချဲလ်ဆီးရဲ့ အဆင့် ၃ နေရာယူဖို့ အာဆင်နယ်အား တိုက်တွန်း
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမား လီဒီဆင်က ဝုဗ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သူ့ရဲ့အသင်းဟောင်း အနေနဲ့ အဆင့် ၄ နေရာက မန်ချက်စတာ ယူနိုက်တက်ကို လိုက်နေမယ့်အစား အဆင့် ၃ နေရာက ချဲလ်ဆီးရဲ့ နေရာကိုပါ ပစ်မှတ်ထားသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဂန်းနားတွေဟာ အခုဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကိုရောက်ရှိခဲ့ပြီဖြစ်ပြီး အဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်ကို မီဖို့ ၁ မှတ်သာလိုပါတော့တယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက ၂ ပွဲလျော့ ကစားထားပါတယ်။

ဒီဆင်ကတော့ “ကျွန်တော်သာ အခုချိန် အာဆင်နယ်အဝတ်လဲခန်းထဲမှာ ရှိနေမယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အစားချယ်လ်ဆီးကိုပဲ ကျော်တက်ဖို့ကြိုးစားမှာပါ။ ပွဲလည်း လျော့ကစားထားသလို ချဲလ်ဆီးနဲ့လည်း ၂ မှတ်ပဲ ကွာတာပါ။ သူတို့က ကျွန်တော်တို့ထက် ပွဲလည်းပိုကစားထားတယ်၊ ချန်ပီယံလိဂ်လည်း ကစားရဦးမယ်။
အမှန်ဆို အာဆင်နယ်က ကျွန်တော့်အမြင်အတိုင်းဖြစ်နေရမှာ။ အရင်ကတည်းက အမြင့်ကိုပဲမှန်းခဲ့ရမှာပါ။ ရုတ်တရက် ပစ်မှတ် ပြောင်းလိုက်တာမျိုးလည်း လုပ်သင့်တယ်။
တိုနီအဒမ်(အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း) ဆိုရင်လည်း အဝတ်လဲခန်းထဲမှာ “ မင်းတို့ မန်ချက်စတာ ယူနိုက်တက်ကို မေ့လိုက်၊ ငါတို့လုပ်ရမှာ ချဲလ်ဆီးကို ကျော်တက်ဖို့ပဲ”လို့ ပြောလိမ့်မယ်” ဆိုပြီးပြောခဲ့ပါတယ်။
ဒီဆင်က အာဆင်နယ်အသင်းရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို ချီးကျူးခဲ့သလို နည်းပြ မီခေးလ်အာတီတာရဲ့ လူစား အပြောင်းအလဲကိုလည်း ချီးကျူးခဲ့ပါတယ်။ အာဆင်နယ်ဟာ အန်ကီတီယာ၊ နီကိုလက်စ်ပီပီနဲ့ တာဗာရက်စ်တို့ကို တီယာနေး၊ မာတင်နယ်လီနဲ့ စီဒရစ်တို့ရဲ့နေရာမှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။