ချီးကျူးခံရမှု နည်းနေပေမယ့် အာဆင်နယ်အတွက် အကျိုးဖြစ်နေတဲ့ ကစားသမား နှစ်ဦး
ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားခဲ့ရာမှာတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ စမစ်ရိုဝီဟာ ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ ပါတေး ၊ ပွဲကစားချိန် ၄၅+၆ မိနစ်မှာ အူဘာမီယန်းနဲ့ ပွဲကစားချိန် ၅၆မိနစ်မှာ စမစ်ရိုဝီတို့က သွင်းယူပေးခဲ့ကာ ဗီလာအသင်း အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၂မိနစ်မှာ ကွင်းလယ်လူ ရမ်ဆေးက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ခံလူဟောင်း နှစ်ဦး ဖြစ်ကြတဲ့ နဗီးလ် နဲ့ ကာရေဂါ ကတော့ အက်စတွန်ဗီလာ နဲ့ ပွဲမှာ အာဆင်နယ် အသင်း တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ လာကာဇက် ရဲ့ အော်ဘာမီယန်း တို့ရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူး သွားခဲ့ပါတယ် ။

ကာရေဂါက ” သူတို့ တကယ် ကောင်းခဲ့ကြပါတယ် ၊ ကျွန်တော်လည်း ဒီနေ့ သူတို့ ကစားတာကို သဘောကျ ပါတယ် ၊ တကယ့်ကို ကြည့်လို ကောင်းတာပါ ၊ သူတို့ ရဲ့ ဘောလုံး ရှိချိန် မရှိချိန် လှုပ်ရှားမှုတွေက အစပေါ့ဗျာ ။ ”
” ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အမြဲတစ်စေ ဝေဖန် ခဲ့ကြတဲ့ အော်ဘာမီယန်း နဲ့ လာကာဇက် တို့တောင် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ပြီး လုပ်အားနှုန်းကောင်းကောင်း နဲ့ ကစား သွားခဲ့ပါတယ် ။ သူတို့ နှစ်ဦး ဒီနေ့ ကစားတာ သိပ်ကောင်းပါတယ် ။ ”
” ကျွန်တော်ကိုယ်တိုင်လည်း သူတို့ နှစ်ဦး အမြဲ တွဲဖက် ကစားတာ ကောင်းလိမ့်မယ်လို့ ယူဆထားသူပါ ၊ လာကာဇက် က နံပါတ် ၁၀ နေရာမှာ ကစားသွားတာ အတော်ကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဂယ်ရီနဗီးလ် ကလည်း ” အာဆင်နယ် အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ် ၊ သူတို့က တကယ့်ကို ကြိုးစား ကစားကြတာပါ ။ လူငယ်တွေက စီနီယာတွေကို အတုယူကြတာပါ ၊ သူတို့သာ ခုလို ကြိုးစား မကစားရင် ပြဿနာ တက်သွားနိုင်ပါတယ် ” လို့ ဆိုပါတယ်။