ပြိုင်ဘက်ကို ပွဲကြို ချီးကျူးတဲ့ ပူလီဆစ်၊ အိုဝင် ဘာဘာတော့ တို့ ခန့်မှန်း၊ တူချယ်ရဲ့ ဝန်ခံစကားနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ချဲလ်ဆီးအနေနဲ့ လီဗာပူးကိုကျော်ဖြတ်ပြီး လိဂ်ဖလားချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ကြောင်း၊ ဒီပွဲစဉ်က အလွန်ကြည့်ကောင်းမှာဖြစ်ပြီး မိနစ် ၉၀ အတွင်း အရှုံး၊အနိုင်မပေါ်ခဲ့ရင်တော့ ချဲလ်ဆီးက အားသာချက် ရှိနေကြောင်း သုံးသပ်ခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ကာရာဘောင်း ဖလား ဖိုင်နယ်မှာ လီဗာပူးက ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ယူပြီး ဖလားယူသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ချဲလ်ဆီး ဂိုးသမားကီပါက သူ့အနေနဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရသင့်တယ်လို့ ယုံကြည်နေပါတယ်။ ကီပါဟာ ဒီရာသီ လိဂ်ဖလားပြိုင်ပွဲမှာ အဓိက ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်တွေမှာ လက်စွမ်းပြခဲ့ကာ ချဲလ်ဆီးကို ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်က လိဂ်ဖလား ဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက် လီဗာပူးတိုက်စစ်မှုး ဆာလတ်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဆာလတ်ဟာ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ပြီး အလွန်သန်မာသူဖြစ်ကြောင်း၊ဆာလတ်ဟာ မိမိ သင်ယူရသူ တစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုနဲ့ စပ်လျဉ်းပြီး မိမိတို့အပေါ် ဝေဖန်မှုတွေကို နားလည်နိုင်ကြောင်း၊ ဒါက ပြဿနာတစ်ခုတောင် မဟုတ်ဘဲ အလွန်ထိတ်လန့်ဖွယ်ကောင်းတဲ့အရာဖြစ်ကြောင်း၊ ဒီကိစ္စဟာ သူတို့အပေါ် သက်ရောက်မှုလည်း ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်က ဝေဖန်မှုတွေ ခံနေရတဲ့ အသင်းဖော်လူကာကူကို ကာကွယ်မှု တွေ ပြုလုပ်ခဲ့ပြီး ပေါင်သန်း ၁၀၀ နဲ့ ခေါ်ထားတဲ့ကစားသမားကို လူတွေက ပွဲအစကနေ အဆုံးအထိခြေစွမ်းပြတာကိုပဲ လိုချင်ကြောင်း၊ မိမိအနေနဲ့ လူကာကူရဲ့ခံစားချက်ကို နားလည်ကြောင်း၊ မိမိတို့ဟာ လူသားတွေဖြစ်ပြီး အမှားတွေ ကျူးလွန်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို မန်ယူထက်အရင် လက်ဦးမှုယူပြီးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒမ်ဘီလီဟာ ရာသီကုန်ရင် ဘာစီလိုနာကနေ အလွတ်နဲ့ ထွက်ခွာနိုင်ဖို့ နီးစပ်လျက်နေပြီး ချဲလ်ဆီး အနေနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Mirror က ဖော်ပြထားပါတယ်။ ရူဒီဂါကို လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်ပြီး ချဲလ်ဆီးကလည်း သူ့ကို သက်တမ်းသစ် တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတာပါ။

ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာက အလားအလာ ကောင်းနေကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ၂၅နှစ် အရွယ်ကစားသမားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးကနေ အလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။