ပွဲထွက်ကနေ လူကာကူ မထည့်ဖို့ တိုက်တွန်းမှု၊ ဂျွန်ဆင် ၁၁ ယောက်အသင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ဗီလာတိုက်စစ်မှူးဟောင်း အလွန်လဟော်က ချဲလ်ဆီးအနေနဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ လူကာကူကို ပွဲထွက် အသုံးမပြုသင့်ကြောင်း၊ လူကာကူဆိုရင် ဗန်ဒိုက်ချ်က အလွယ်တကူ အိပ်ကတ်ထဲ ထည့်နိုင်မှာဖြစ်ကြောင်း၊ နည်းပြ တူချယ် အနေနဲ့ ကိုင်ဟာဗက်ဇ်ကိုသာ တိုက်စစ်မှာထားပြီး အသုံးပြုသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ လီဗာပူးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ကာရာဘောင်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့မဲ့ ချဲလ်ဆီးနဲ့ လီဗာပူး နှစ်သင်းပေါင်း အကောင်းဆုံးကစားသမား ၁၁ စာရင်းကို ရွေးချယ်ခဲ့ရာ ချဲလ်ဆီး ကစားသမား ၅ ဦးအထိ ထည့်သွင်း ခဲ့ပါတယ်။

ဂိုးသမားမန်ဒီ၊ နောက်တန်းတွေအဖြစ် အာနိုးလ်၊ ဗန်ဒိုက်ချ်၊ ရူဒီဂါ၊ ရော်ဘတ်၊ ကွင်းလယ်လူ အဖြစ် ဖာဘင်ဟို၊ ကန်တီ၊ မစ်ဆန်မောင့်၊ တိုက်စစ်မှာ ဇီးယက်ချ်၊ ဆာလတ်၊ ဒီယက်ဇ်တို့ကိုဂျွန်ဆင်က ရွေးချယ်ခဲ့ပါတယ်။

ချဲလ်ဆီးလူငယ်နောက်ခံလူ ချာလိုဘတ်ချ်က အသင်းဖော်ရူဒီဂါမှာ မိမိကိုများစွာကူညီခဲ့ကြောင်း၊ သူတို့နှစ်ဦးဟာ ဆီးရီးယား ကနေ လာတာခြင်းတူကြကြောင်း၊ စစချင်းတုန်းက အသင်းမှာ မိမိကိုယုံကြည်ပြီးအးာပေးခဲ့တာဆိုလို့ ရူဒီဂါ တစ်ဦးတည်းသာ ရှိကြောင်း၊ ရူဒီဂါဟာ မိမိကို လူကြီးတစ်ယောက်လိုသာ သဘောထား ဆက်ဆံပြီး များစွာ သင်ကြား ပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်က လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက်လီဗာပူးတိုက်စစ်မှူးဆာလတ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဆာလတ်ဟာ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ပြီး အလွန်သန်မာသူဖြစ်ကြောင်း၊ ဆာလတ်ဟာ မိမိ သင်ယူရသူ တစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ စာချုပ်သက်တမ်း ညှိနှိုင်းမှု အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ ခရစ္စတန်ဆန်အနေနဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားမဲ့အရေး မျှော်လင့်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ဆန္ဒမရှိဖြစ်နေပြီး သူ့ကို ဘာစီလိုနာနဲ့ ဘိုင်ယန်တို့က အပြိုင်ကြိုးပမ်းနေကြပါတယ်။

တကယ်လို့ ဗြိတိန်ကသာ ပိုင်ရှင်အေဘရာမိုဗစ်ချ်ကို အမည်ပျက်စာရင်းထဲထည့်သွင်းပြီး စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ရင်လည်း ချဲလ်ဆီးအပေါ် ချက်ချင်း သက်ရောက်မှာ မဟုတ်ကြောင်း မာကာကဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်နဲ့ ယူအီးအက်ဖ်အေတို့ဟာ ချဲလ်ဆီးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးကို ချက်ချင်း ထိခိုက်စေမှာ မဟုတ်ဘူးဘဲ ကာလတိုမှာတော့ ချဲလ်ဆီးရဲ့အနေအထားက စိတ်ချရဦးမှာပါ။

ချဲလ်ဆီးနည်းပြတူချယ်က ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုနဲ့ စပ်လျဉ်းပြီး မိမိတို့အပေါ် ဝေဖန်မှုတွေကို နားလည်နိုင်ကြောင်း၊ ဒါက ပြဿနာတစ်ခုတောင် မဟုတ်ဘဲအလွန်ထိတ်လန့်ဖွယ်ကောင်းတဲ့အရာဖြစ်ကြောင်း၊ ဒီကိစ္စဟာ မိမိတို့အပေါ် လွှမ်းမိုးလျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူတို့နည်းပြ တူချယ်ရဲ့ အောင်မြင်မှု လျို့ဝှက်ချက်က ရိုးသားခြင်းသာဖြစ်ကြောင်း၊ တူချယ်ဟာ ကိစ္စတွေအားလုံးကို ရိုးရိုးသားသားနဲ့ရှင်းပြကြောင်း၊ အောင်မြင်မှုရဖို့ဆိုရင် ရိုးသားမှု ရှိရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။