ပင်နယ်တီ မိုးပေါ်ထောင်ကန်ခဲ့တဲ့ ဂိုးသမား ကီပါကို ဝိုင်း အပြစ်မပြောကြဖို့ တူချယ် ကာကွယ် ပြောဆို
ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ် ၁၁-၁၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ခြင်းအတွက် ဂိုးသမား ကီပါကို အပြစ်တင်လို့မရကြောင်း အခိုင်အမာပြောပါတယ်။
ကီပါက ပင်နယ်တီ အဆုံးအဖြတ်မှာ တလုံးမှ မဖမ်းနိုင်ခဲ့တဲ့အပြင် အဆုံးအဖြတ် ပင်နယ်တီကန် သွင်းရာမှာ မိုးပေါ်ထောင် ကန်မိခဲ့တာပါ။
စပိန်နိုင်ငံသား ကီပါဟာ အချိန်ပိုပြီးခါနီးမှာ မန်ဒီအစား လူစားဝင်ကစားကာ ပင်နယ်တီကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူကိုယ်တိုင် ကန်သွင်းရလိမ့်မယ်လို့တော့ မျှော်လင့်ထားပုံမရခဲ့ပါဘူး။ ဒါပေမဲ့ သူရော လီဗာပူးဂိုးသမား ကယ်လယ်ဟာ ပါ ပင်နယ်တီတစ်လုံးမှ မကာကွယ်နိုင်ခဲ့ဘဲ ကန်သွင်းသမျှပင်နယ်တီတိုင်း ဂိုးဝင်ခဲ့ပြီးနောက် ကီပါလည်း သူ ကိုယ်တိုင် ကန်ခဲ့ရပြီး သူ့ရဲ့ကန်သွင်းချက်က အတော် ထောင်သွားခဲ့ကာ ဂိုးဘားပေါ် ကျော်သွားပါတယ်။

လီဗာပူးဂိုးသမား ကယ်လယ်ဟာက အရင်ကန်ခဲ့ရတာဖြစ်ပြီး အကောင်းဆုံးကန်သွင်းနိုင်ခဲ့ပေမယ့် ကီပါကတော့ လွဲချော်ခဲ့တာကြောင့် ချဲလ်ဆီး အရေးနိမ့်ကာ လီဗာပူးလည်း ယခုရာသီ အသင်းအတွက် ပထမဆုံး ဆုဖလား ရယူနိုင်ခဲ့ပါတယ်။
” ကစားသမားတွေက အသင်းရဲ့အစီအမံကို နားလည်ပြီး အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့ဖူးပါတယ်။ တကယ်လို့ ဒီရှုံးပွဲအတွက် တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်တင်လိုက်ပါ။ ဘာပြဿနာမှမရှိပါဘူး”
” ကျွန်တော်က ဆုံးဖြတ်ချက်တွေ ချမှတ်သူဖြစ်ပြီး ကိုယ်က သူရဲကောင်းဖြစ်ချင်လို့ ကစားသမားတွေကို ထည့်သွင်းတာမျိုး မလုပ်ပါဘူး ”

“တခါတလေမှာ ဒီအရာတွေက ဆန့်ကျင်ဘက်ဖြစ်နိုင်ပေမယ့် ကျနော်တို့က အကြောင်းပြချက်တခုနဲ့လုပ်ခဲ့တာပါ၊ မန်ဒီ ကွင်းထဲမှာမရှိတော့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့လည်း မသိနိုင်ဘူးလေ၊ ကီပါအပေါ် အပြစ်မတင်ပါနဲ့၊ ကျနော့်ကိုသာတင်ပါ၊ ဒီဆုံးဖြတ်ချက်က ကျနော်ချမှတ်ခဲ့တာပါ၊ တခါတလေမှာ အလုပ်မဖြစ်တတ်ဘူး၊ တခါတလေတော့ အလုပ်ဖြစ်သွားတယ်”
“ဒါက ဘောလုံးနည်းပြတယောက်ရဲ့ ဘဝပါပဲ၊ သူက ပင်နယ်တီတကြိမ်တည်းပဲ လွဲချော်ခဲ့တာပါ၊ သူ့အတွက်တော့ နည်းနည်းကြမ်းတမ်းတယ်ဆိုပေမယ့် ဒါက သူ့အပြစ်မဟုတ်သလို အပြစ်လည်းမရှိပါဘူး” လို့ တူချယ်က ပြောပါတယ်။
ချဲလ်ဆီးဟာ သြဂုတ်လက ဗီလာရီးရဲလ်နဲ့ကစားခဲ့တဲ့ ဥရောပစူပါဖလားမှာလည်း ပင်နယ်တီ ကန်ခါနီးမှာ ဦးစားပေး ဂိုးသမား မန်ဒီရဲ့ နေရာမှာ ကီပါကို လူစားလဲခဲ့ပြီး အသင်းကလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။