လီဗာပူး မန်ယူနဲ့ သတင်းကြီးနေတဲ့ ရာဖင်ညာကို အပြောင်းအရွှေ့အတွက် သတိပေးတဲ့ ရီဗယ်ဒို
လီဗာပူး နဲ့ မန်ယူနိုက်တက် တို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက စိတ်ဝင်စားမှုတွေကို ပိုင်ဆိုင်နေတဲ့ လိဒ်တိုက်စစ်သမား ရာဖင်ညာ အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို နောက်တဆင့် မြှင့်တင်သွားရမယ့် အချိန် ကျရောက်နေပြီလို့ ဘရာဇီးအကျော်အမော်ဟောင်း ရီဗယ်ဒိုက သတိပေး ပြောလိုက်ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ သွင်းဂိုး(၈)ဂိုး ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာလည်း လိဒ်စ်ယူနိုက်တက်အသင်းအတွက် (၇)ပွဲကစားပြီးနောက် သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်တဲ့ ရာဖင်ညာကို လီဗာပူးအသင်းကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရာဖင်ညာအနေနဲ့ ကစားသမားဘဝကို ပိုမိုတိုးတတ်စေဖို့အတွက် လိဒ်စ်ထက် ပိုမြင့်မားတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ သူရဲ့စီနီယာကြီး ရီဗယ်လ်ဒိုကနေ အကြံပြုလာခဲ့တာ ဖြစ်ပါတယ်။
ရီဗယ်ဒိုက “ရာဖင်ညာဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ အတွင်း ဘရာဇီး အတွက် ပွဲဦးထွက်မှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လိဒ်ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်မှာ တောက်ပနေခဲ့ပြီးသားပါ။ သူ့ကို လီဗာပူးက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ် နေပါတယ်။
အကယ်၍ သူသာ လီဗာပူးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် အဲဒီမှာ ပုံမှန် ပွဲထွက်ခွင့်တော့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးဟာ သူ့ကစားသမား ဘ၀ အတွက် နောက်ထပ် ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပြီး သူဟာ အန်ဖီးမှာ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်တဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း ကစားခွင့် ရမှာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ အတွက် အရေးကြီးတဲ့ အရာ ဖြစ်နိုင်ပါတယ်။
သူဟာ လိဒ်ယူနိုက်တက်ထက် ပိုမို ကြီးကြယ်တဲ့ ကလပ်မှာ ကစားနိုင်တဲ့ အရည်အသွေး ရှိနေပါတယ်။ သူဟာ လက်ရှိမှာ အကောင်းဆုံး ကစားလျက် ရှိနေပြီး ရာဖင်ညာဟာ အမြဲတမ်း ပိုမို ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို အလိုရှိတဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ဒီအပြောင်းအရွေ့ ကနေ အကျိုးအမြတ်တွေ ရလာမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။