ရုရှားနဲ့ဆို ဘာပွဲမှာ မကစားနိုင်ဘူးလို့ အပြတ်ငြင်းလိုက်ပြီ ဖြစ်တဲ့ အင်္ဂလန် အက်ဖ်အေ
ယူကရိန်းနဲ့ ခုလို စစ်ဖြစ်ပွားနေသရွေ့ ရုရှားနဲ့ကစားရမယ့် ဘယ်လိုပြိုင်ပွဲမှာမဆို ကစားမှာမဟုတ်ဘူးလို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ကြေငြာချက် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဒါဟာ ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမယ့် ချက် ရီပက်ဘလစ်၊ ပိုလန်၊ ဆွီဒင်တို့က ကစားဖို့ ငြင်းဆိုအပြီးမှာ နောက်ထပ် ငြင်းဆိုမှု တခုဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်ကတော့ ရုရှားနဲ့ လက်တလောမှာ ကစားရဖို့မရှိပေမယ့်လည်း ကြိုတင်ငြင်းဆန်ထားခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြိးဖြစ်ကာ ခြေစမ်းပွဲတွေအဖြစ် ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့သာ ကစားဖို့ အစီအစဉ် ရေးဆွဲထားပြီး ရုရှားနဲ့ကစားရဖို့မရှိပေမယ့် ကစားဖို့ကြုံလာရင်လည်း မကစားဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့တာဖြစ်ပါတယ်။

“ယူကရိန်းနဲ့အတူ ကျနော်တို့ ညီညွှတ်မှုရှိနေမှာဖြစ်ပြီး ရုရှားခေါင်းဆောင်ပိုင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြည့်အ၀ ရှုတ်ချပါတယ်၊ FA အနေနဲ့ ရုရှားနဲ့ဆိုရင် ဘယ်လိုနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာမဆို ကစားမှာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်၊ ဒါက စီနီယာပွဲစဉ်တွေ၊ ဂျူနီယာပွဲစဉ်တွေနဲ့ မသန်စွမ်းအသင်းတွေရဲ့ ကန်ရဖွယ်ရှိတဲ့ ပွဲစဉ်တွေလည်း ပါဝင်ပါတယ်” လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘောလုံးလောကအတွင်းမှာလည်း ယူကရိန်းဘက်ကနေ အားပေးထောက်ခံမှုတွေကို ပြသနေကြပြီး စစ်ပွဲကို ရပ်တန့်ဖို့ အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်အပေါ်မှာ ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပြီး ရုရှားလက်ရွေးစင်အသင်းနဲ့ဆိုရင် မကစားဘူးလို့ အားလုံးက ငြင်းပယ်နေပြီး ရုရှားကို အထီးကျန် အသင်း တသင်းဖြစ်အောင် တွန်းပို့နေကြတာလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ရှိနေတဲ့ စိန့်ပီတာစဘတ်ကွင်းမှာလည်း ကျင်းပတော့မှာမဟုတ်ဘဲ ပြင်သစ်မှာ ပြောင်းလဲ ကစားဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။ ရုရှားကုမ္ပဏီတွေဆီကနေ စပွန်ဆာ ရယူထားတဲ့ အသင်းတွေကလည်း အဆိုပါကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ခဲ့ကြကာ လမ်းခွဲခဲ့ကြပါတယ်။