ရုရှားကလပ်တွေ ဖြုတ်ခံရခြင်း၊ မက်ဆီကို ကာကွယ်တဲ့ ဘာပေ၊ အရှုံးပေါ်တဲ့ အာဆင်နယ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ယူအီးအက်ဖ်အေ က လိုက်ပဇစ်နဲ့ စပါးတပ်မော်စကိုတို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကို ဖျက်သိမ်း သွားဖွယ် ရှိနေကြောင်း သိရပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ရုရှားကလပ် စပါးတပ်မော်စကိုကို ပြိုင်ပွဲကနေ ထုတ်ပယ်မယ်လို့ သိရပြီး လိုက်ပဇစ်က ကွာတားဖိုင်နယ်ကို အလိုလို ရောက်သွားမှာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက အသင်းဖော် မက်ဆီအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ခဲ့ပြီး ဘလွန်းဒီအော ဆု ၇ ကြိမ်ရရှိခဲ့တဲ့ ကစားသမားလည်း နယ်မြေသစ်မှာ အထိုင်ကျဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊မက်ဆီဟာ ခမ်းနားတဲ့ ကစားသမားဖြစ်ပြီး တဖြည်းဖြည်းပိုကောင်းလာပြီဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက သူ့အနေနဲ့ တောင်ပံကစားသမား ဒမ်ဘီလီ စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုဖို့ မျှော်လင့်ကြောင်း၊ သူတို့ရဲ့ ကမ်းလှမ်းမှုကို ဒမ်ဘီလီ ကောင်းကောင်းသိပြီး မိမိတို့အနေနဲ့ ဒမ်ဘီလီကို အသင်းမှာ ဆက်ရှိစေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီနှစ်အတွင်း စံချိန်တင် ပေါင်သန်း ၁၀၀ ကျော်အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အာဆင်နယ် ဟာ ကိုဗစ်ကပ်ဘေးကြောင့် ဒီနှစ်တွေအတွင်း အရှုံးပေါ်နေခဲ့ပြီးအရင်နှစ်ကလည်း ပေါင်သန်း ၅၀ အောက် အရှုံးပေါ်ခဲ့ကြောင်း သိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က တကယ်လို့ ချဲလ်ဆီးအနေနဲ့ မန်ဒီအစား ကီပါကို လူစား မလဲခဲ့ဘူးဆိုရင် ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ကြောင်း၊ ကီပါဟာ လီဗာပူးရဲ့ ပင်နယ်တီ ကန်သွင်းချက်တွေ အားလုံးကို နီးစပ်အောင် မဖမ်းနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆု ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး လက်ကျန်ပွဲစဉ်တိုင်းဟာ လုံး၀ ခက်ခဲနေတော့မှာဖြစ်ကြောင်း၊ တန်းဆင်းဇုန်က လွတ်မြောက်ဖို့၊ ယူရိုပါလိဂ်ဝင်ခွင့်၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ချန်ပီယံဖြစ်ခွင့် စသဖြင့် အသင်းတိုင်းက ရည်မှန်းချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း၊ ချန်ပီယံဖြစ်ချင်ရင် ပွဲစဉ်တိုင်းကို အ ကောင်းဆုံး ယှဉ်ပြိုင်ဖို့ လိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးနည်းပြ ကလော့အနေနဲ့ မာနေးကို လူစားလဲခဲ့တဲ့အပေါ် အနည်းငယ် အံ့အားသင့်မိကြောင်း၊ မိမိအနေနဲ့ ဒီယက်ဇ်ကိုပဲ လူစားလဲပြီးမာနေးနဲ့ ဆာလတ်ကို ကွင်းအတွင်း ဆက် ထားရှိမယ် လို့ ထင်မှတ်ထားမိကြောင်း၊ ကလော့ရဲ့ ဆုံးဖြတ်ချက်ကို မာနေးလည်း ပျော်ရွှင်မှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက လူငယ်ကြယ်ပွင့် ပတ်ဒရီဟာ သူ့အသင်းဖော်ဟောင်း အင်နီယေစတာကို များစွာ အမှတ် ရစေမိကြောင်း၊ ပတ်ဒရီဟာ ပွဲအကြောင်း ကောင်းကောင်း ဖတ်တတ်ပြီး သူ့ကစားပုံကိုစောင့်ကြည့်ရတာ ကျေနပ်ဖွယ် ကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အေဂျက်ဇ်ကြယ်ပွင့် အန်တိုနီနဲ့ ဗီလာရီးရဲ ကြယ်ပွင့် ဒန်ဂျူမာကို လိုက်နေကြောင်း၊ အန်တိုနီဟာ ထိပ်တန်းကစားသမားဖြစ်သလို ဒန်ဂျူမာကလည်း ဗီလာရီးရဲမှာ အံ့အားသင့်ဖွယ် စွမ်းရည်ကို ပြသလျက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။