လီဝန်ဒေါစကီး ခေါ်ချင်တဲ့ အာဆင်နယ်၊ ဖေဘီယန် ရုစ်ဇ်၊ ကက်ဆီ၊ ခရစ်တန်ဆန်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်ယူအသင်းက ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ် နဲ့ စပါးတို့နဲ့ အပြိုင် စပို့တင်း ကွင်းလယ် ကစားသမားဖြစ်တဲ့ ဂျိုအာ ပဲလ်ဖင်ဟာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ဒီ ပေါ်တူဂီ လက်ရွေးစင်ကို မန်ယူအသင်းက အသင်းကနေ ထွက်ခွာတော့မယ့် ပေါ့ဘာ နဲ့ ဗန်ဒီဘိတ်နေရာ အစားထိုးလိုခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်လည်း ပါဝင်လျက်ရှိနေကြောင်း FourFourTwo က ဖော်ပြထားပါတယ်။ လီဝန်ဒေါစကီးရဲ့စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူ့အနေနဲ့ ဘိုင်ယန်ကနေ ထွက်ခွာလိုလျက်ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီးတောင်ပံကစားသမားအိုဒွိုင်းက နည်းပြတူချယ်ကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး တူချယ်ရဲ့နည်းစနစ်ပိုင်းဟာ အံ့အားသင့်ဖွယ်ကောင်းကြောင်း၊ သူဟာ ကစားသမားတစ်ယောက်ချင်းဆီကနေပုံစံကောင်းဘယ်လိုယူရမလဲဆိုတာ သိရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

PGMOL က မန်နေးဂျင်းဒါရိုက်တာ မိုက်ရီလေးက အဲဗာတန်နဲ့ မန်စီးတီးတို့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူ ရိုဒရီရဲ့ လက်ထိဘောကို VAR က ပင်နယ်တီအဖြစ် မပေးခဲ့ခြင်းနဲ့ပတ်သက်ပြီး အဲဗာတန်ဥက္ကဋ္ဌနဲ့ နည်းပြလမ်းပတ်တို့ကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက ဖိုဒန်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
နာပိုလီ ကစားသမားဖြစ်တဲ့ ဖေဘီယန် ရုစ်ဇ် ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ် လို့ဆိုပါတယ်။ ဒီ အသက် ၂၅ နှစ်အရွယ် ကစားသမားက နာပိုလီ နဲ့ စာချုပ်နောက်ဆုံးနှစ်ကို ရောက်နေတာဖြစ်ပြီး သူ့ကို အာဆင်နယ် နဲ့ မန်ယူတို့က စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ သူက ၁ ပတ်ကို ပေါင် ၅ သောင်းသာ ရရှိနေတာကြောင့် လခ ပိုပေမယ့် ပရီးမီးယားလိဂ်လာချင်သူဖြစ်သည်။

ချဲလ်ဆီး နောက်ခံလူဖြစ်တဲ့ ခရစ်တန်ဆင် ကို ခေါ်ယူဖို့အတွက် ချိန်ရွယ်နေတဲ့ အသင်းမှာ ရိုးမားပါဝင်လာပြီဖြစ်တယ်လို့ Fichajes က ဆိုပါတယ်။ ဒီကစားသမားကို လာမယ့်နွေကျရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာတာကြောင့် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ညိုက အရခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
လက်ရှိအချိန် ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ရှုံးပွဲမရှိတာ အကြာရှည်ဆုံးအသင်းအဖြစ် ဂျူဗင်တပ်က ၁၃ ပွဲနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်ရဲ့နောက်မှာ ဆီဗီးလ်က ၁၁ ပွဲနဲ့ ဒုတိယ၊ဘာစီလိုနာက ၁၀ နဲ့ တတိယ နေရာမှာ ရပ်တည်နေတာပါ။ မန်စီးတီးကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ စပါးကို ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။
လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဟာ အေစီမီလန်ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူရေး စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကက်ဆီ က နွေရာသီမှာ အေစီကနေ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။