အက်ဖ်အေ ကွာတားရောက်သွားတဲ့ လီဗာပူးနဲ့ ချဲလ်ဆီး၊ အသင်းရောင်းတော့မယ့် ရိုမန်နဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့ကြတဲ့ အက်ဖ်အေ ပဉ္စမအဆင့် ပွဲစဉ်မှာ လီဗာပူးလ်အသင်းက မီနာမီနိုရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ နော့ဝှစ်ချ် ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့သလို ချဲလ်ဆီးအသင်းကလည်း လူတန်တောင်း အသင်းကို ၂-၃ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ကတော့ အသင်းကို ရောင်းဖို့ အတည်ပြုလိုက်ပြီဖြစ်ပြီး ယခုဆုံးဖြတ်ချက်က ၎င်းအတွက် အလွန်ကို ခက်ခဲလွန်းခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါကားက သူ့အသင်းဟောင်းအနေနဲ့ လာမဲ့နွေရာသီမှာ နောက်ခံလူ မက်ဂွဲရားကို ရောင်းထုတ်သင့်ကြောင်း၊ မန်ယူအနေနဲ့ မက်ဂွဲရားကို ရောင်းထုတ်ပြီးငွေရှာသင့်ကြောင်း၊ လင်ဒီလော့ဖ်နဲ့ ဗာရာနီတို့ အတွဲနဲ့ တစ်ခုခုတည်ဆောက်နိုင်မယ်လို့ ထင်မှတ်မိကြောင်း တိုက်တွန်းခဲ့ပါတယ်။

အဲဗာတန်အသင်းကတော့ ရုရှားကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်တွေကို ခတ္တဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနောက်ခံလူဟောင်း တယ်ရီကတော့ ၎င်းတို့ရဲ့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကလည်း လူတန်တောင်းအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ၎င်းတို့အနေနဲ့ ကွင်းပြင်ပပြဿနာတွေကြောင့် ပွဲစဉ်ကို ကောင်းစွာ အာရုံစိုက်နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် မက်ဆီကတော့ လက်ရှိ ပြင်သစ်မီဒီယာတွေထံမှ ကြုံတွေ့နေရတဲ့ မမျှတမှုတွေကို စိတ်ဆိုး ဒေါသထွက်နေကြောင်း သိရပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကိုပါအီတာလျံ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက အချိန်ပို OG သွင်းဂိုးတစ်ဂိုးကြောင့် ဖီအိုရင်တီးနားကို အဝေးကွင်းမှာ ဝ-၁ နဲ့ အနိုင်ကစားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် စပိန် ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဗလင်စီယာအသင်းက ဘီဘာအိုအသင်းကို ၁-၀ နဲ့ အနိုင်ကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ကာလတို ၂ နှစ်စာချုပ် တိုးမြှင့်ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ဒမ်ဘီလီရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။