ဝေဖန်ခံရတဲ့ မာလန်ဆား၊ အသင်းရောင်းမယ့် သတင်းဂယက်များ၊ ကီပါချစ်သူ အားပေးစကားနဲ့ ချဲလ်ဆီး သတင်းများ
အင်္ဂလန် ကစားသမားဟောင်း အလန်ရှီးယားက လူတန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံလူ မာလောင်းဆားရဲ့ခြေစွမ်းကို ဝေဖန်ခဲ့ပြီး လူတန်တောင်း သွင်းယူခဲ့တဲ့ အဖွင့်ဂိုးမှာသူ့ရဲ့လူကပ်ပုံက ညံ့ဖျင်းခဲ့ကြောင်း၊ သူ့ရဲ့ထိချက်ကလည်း လုံလောက်မှု မရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။
အေဘရာမိုဗစ်အနေနဲ့ ချဲလ်ဆီးကို ရောင်းချပြီးပါက အသင်းရဲ့အရေးပါသူနှစ်ယောက်ကိုပါ ထပ်မံဆုံးရှုံးရဖွယ် ်ရှိနေ ပါတယ်။ အသင်းရဲ့ဥက္ကဋ္ဌ Bruce Buck နဲ့ ဒါရိုက်တာ မာရီနာတို့အနေနဲ့လည်း အေဘရာမိုဗစ် မရှိတော့ပါက အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာပါ။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း စပိန်ကလာတဲ့ သတင်းတွေ အရ သိရပါတယ်။ စပိန်ရေဒီယိုCOPE ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဒါရိုက်တာ Alemany ဟာ လန်ဒန်ကို ရောက်ရှိ နေပြီး ခရစ္စတန်ဆန်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒီကာနီယိုက ချဲလ်ဆီးတိုက်စစ်မူှး လူကာကူအနေနဲ့ လက်ရှိ အင်တာမီလန် မှာ ဆိုရင် အရန်ခုံမှာသာ ထိုင်နေရမှာဖြစ်ကြောင်း၊ အင်တာဟာ ခြားနားတဲ့ ကစားပုံနဲ့ တည်ဆောက် ထားပြီး ဒီဇီကိုလို ကွင်းလယ်တိုက်စစ် အဖြစ်ပါ ကစားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားကို ပိုင်ဆိုင်ထားကြောင်း၊ လူကာကူဟာ ဒီဇီကိုကို စွမ်းရည်မျိုးမရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးဂိုးသမား ကီပါရဲ့ ချစ်သူကတော့ ကာရာဘောင်ဖလားဗိုလ်လုပွဲအရှုံးနဲ့ပတ်သက်ပြီး နာကျင်မှုခံစားနေရတဲ့ ကီပါကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူမအနေနဲ့ ဘက်စကတ်ဘော ကစားသမားဖြစ်တုန်းက သင်ယူခဲ့ရတာတစ်ခုက အသင်း တစ်ခုဟာ အသင်း တစ်ခုသာဖြစ်ကြောင်း၊ တစ်ဦးချင်းစီ ဗီလိန် မရှိသလို သူရဲကောင်းလည်း မရှိကြောင်း၊ ကီပါဟာ နှိမ့်ချတတ်ပြီး နှစ်လိုဖွယ်ကောင်းသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ် က အသင်းပိုင်ရှင် အေဘရာမိုဗစ်အနေနဲ့ အသင်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အေဘရာမိုဗစ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ဒါက သတင်းကြီးဖြစ်ပြီး အကောင်းဆုံး ဖြစ်လာဖို့ စောင့်မျှော်ရမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်အနေနဲ့ ရုရှားသမ္မတပူတင်နဲ့ ဆက်နွယ်မှုကြောင့် ချဲလ်ဆီးကနေဖြစ်စေ၊ အင်္ဂလန်ဘောလုံးလောက ကနေ ဖြစ်စေ ကန်ထုတ် ခံရတာမျိုးကို မလိုလားကြောင်း၊ သူ့အနေနဲ့ ချဲလ်ဆီးနဲ့ အေဘရာမိုဗစ်တို့ကို လေးစားမှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
လူတန်နဲ့ပွဲမှာ နောက်တန်းမှာ မာလောင်းဆားနဲ့ တွဲဖက်ကစားခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်အနေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ လော့တပ်ချပ်စ်ဟာ ခြားနားတဲ့ ကစားသမား တစ်ယောက်ဖြစ်သွားကြောင်း၊ လော့တပ်ချိစ်ရဲ့ခြေစွမ်းက ကောင်းမွန်ခဲ့ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။