FA ကွာတား မဲခွဲရလဒ်များ၊ အာဆင်နယ် ဂျီဆု ခေါ်ဖို့ တိုက်တွန်းမှု၊ ခုံရုံးထိတက်တဲ့ ရုရှားအသင်းနဲ့ နံနက်ခင်း သတင်းများ
မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က အာဆင်နယ်အနေနဲ့ မန်စီးတီးတိုက်စစ်မူှး ဂျီးဆပ်စ်ကို ခေါ်ယူသင့်ကြောင်း၊ သူ့ရဲ့ Youtube Channel ကနေ တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမဲ့နွေရာသီမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ရှိနေပြီး လက်ရှိမှာတော့ လိုင်လီ တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ ဆိုစီဒက် တိုက်စစ်မူှး အီဆစ်တို့ကို အဓိက ပစ်မှတ် ထားနေပါတယ်။
အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွေကို မဲခွဲခဲ့ရာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အနေနဲ့ အရင်အဆင့်တွေမှာ မန်ယူ၊ စပါးတု့ိကို ဆက်တိုက် ဖြုတ်ချလာခဲ့တဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။
ကျန်ပွဲတွေမှာတော့ ဆောက်သမ်တန်- မန်စီးတီး၊ ပဲလေ့စ်- အဲဗာတန်။ နော့တင်ဟမ်ဖောရက်စ် – ဟတ်ဒါဖီးလ် တို့ထဲက နိုင်တဲ့အသင်းက လီဗာပူုးနဲ့ တွေ့ဆုံရမှာပါ။ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲတွေကိုတော့ မတ်လ ၁၈ ရက်နေ့မှာ စတင် ကစားသွားမှာပါ။

ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဟောင်း ဇီရောဘတ်တိုက မန်ချက်စတာယူနိုက်တက်မှူး စီရော်နယ်ဒိုအနေနဲ့ အသက် ၄၀ မတိုင်ခင် ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ အမြဲတမ်း ထိပ်တန်းအဆင့်မှာ ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သူဖြစ်ကာ အမြဲတမ်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့ ကြိုးပမ်းနေသူ ဖြစ်ကြောင်း၊ ဒါပေမဲ့ လွန်ခဲ့တဲံ ၂ နှစ်အတွင်း စီရော်နယ်ဒိုရဲ့စွမ်းရည်ကျဆင်းလာကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ အသက် ၄၀ အထိ ဘောလုံး ကစားတော့မယ် မထင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ ဝါရင့်နောက်ခံလူ ဒန်နီအဲဗက်စ်ကို နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ သူတို့ရဲ့ ကစားသမားဟောင်း အဲဗက်စ်ကို ပြန်ခေါ်ခဲ့တာဖြစ်ပြီး အဲဗက်စ်ရဲ့စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်မှု ရှိခဲ့တာပါ။ အဲဗက်စ်ဟာ ဘာစီအတွက် ၆ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသွင်းပြီး ဂိုး ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာရဲ့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အားကစားခုံရုံးထံကို အယူခံဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ရုရှားကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့သလို ရုရှားကလပ်တွေကိုလည်း ယူအီးအက်ဖ်အေက ဥရောပပြိုင်ပွဲတွေကနေ ပိတ်ဝင်ခဲ့တာဖြစ်ပါတယ်။

ဘိုရီဟမ်နဲ့ ယှဉ်ြ့ပိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ အဲဗာတန်အနေနဲ့ ယူကရိန်းကစားသမား မိုင်ကိုလန်ကို ကို အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင်စေခဲ့ပါတယ်။ မိုင်ကိုလန်ကိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ယူကရိန်းကလပ ်ဒိုင်နမိုကိဗ်ကနေ အဲဗာတန်ကို ရောက်ရှိလာသူဖြစ်ပြီး အဆိုပါပွဲမှာ အဲဗာတန်က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရီးရဲမက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ်အနေနဲ့ ကြွက်သားဒဏ်ရာပြဿနာကို ရရှိလျက်ရှိနေပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် တိုနီခရူးစ်ဟာ ဆိုစီဒက်နဲ့ ကစားမဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်သလို ပီအက်စ်ဂျီနဲ့ ကစားမဲ့ချန်ပီယံလိဂ် ဒုကျော့ပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့ မသေချာဖြစ်နေပါတယ်။
ဘာစီလိုနာအနေနဲ့ ဝုဖ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့ မျက်စိကျလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ နွေရာသီမှာ ဝုဖ်ကနေထွက်ခွာဖို့ ခြေလှမ်းပြင်နေပြီး သူ့အေးဂျင့် ဂျော့မန်ဒက်စ်က ဘာစီလိုနာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။