မန်ချက်စတာ ဒါဘီ အပါအဝင် ပရီးမီးယားလိဂ် ပွဲကောင်းတွေ အတွက် ဘီဘီစီ လော်ရိုး သုံးသပ်ခန့်မှန်း

ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ ပင်တိုင် ကလောင်ရှင် လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဘန်လေ vs ချဲဆီး

ကွင်းပြင်မှာတော့ အဗရာမိုဗစ်ချ် က ချဲဆီး ကို အရောင်းစာရင်း တင်လိုက်တဲ့ အတွက် အနာဂတ် က ဘယ်လိုတွေ ဖြစ်လာမလဲ မသေချာတော့ပါဘူး။ ဒါပေမယ့် ကျနော့် အမြင်ကတော့ ဒီကိစ္စဟာ ကစားသမားတွေ အပေါ် အများကြီး ရိုတ်ခတ်လိမ့်မယ် မထင်ပါဘူး။

သူတို့ဟာ ကာရာဘောင် ဗိုလ်လုပွဲ အရှုံးကို ကုစားဖို့ အတွက် လူတန် နဲ့ ပွဲတန်းကလိုမျိုးပဲ ဒီပွဲကို ပေါက်ကွဲပြီး ကစားမှာပါ။ ဘန်လေ ကတော့ အင်္ဂါနေ့တုန်းက လက်စတာ ကို ရှုံးပွဲ မကြုံခင် အချိန်ထိ နိုင်ပွဲ ဆက်မှတ်တမ်းတွေ ဆက်လက် ပိုင်ဆိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်။

ဒီပွဲသာ ထပ်ပြီး ရှုံးလိုက်ရင် ဘန်လေ အနေနဲ့ နောက်ကို နည်းနည်း ပြန်ထိုင်သွားတယ်လို့ ပြောရမှာပါ၊ ချဲဆီး အတွက်လဲ ကပ်ပြီးတော့ နိုင်သင့်တဲ့ ပွဲမျိုးပါပဲ။

ခန့်မှန်းချက် – ဘန်လေ 0-1 ချဲဆီး

လီဗာပူး – ဝက်စ်ဟမ်း

ဒီပွဲကို ကျနော် က ကိုယ်တိုင်သွားပြီး ကြည့်မှာပါ။ လီဗာပူး အတွက်တော့ လွယ်ကူတယ်လို့ ပြောလို့ရမယ် မထင်ပါဘူး။ ဝက်စ်ဟမ်း ရဲ့ အကောင်းဆုံး အခိုက်အတန့် ရနေတဲ့ အချိန်မှာ သူတို့ကိုတောင် အနိုင်ကစားပြနိုင်တယ် ဆိုတာ နိုဝင်ဘာတုန်းက သက်သေပြခဲ့တာလေ။

ဒါပေမယ့် သူတို့ အတွက် ပြသနာ က ပွဲတိုင်းနီးပါး ဒီကစားသမားတွေကိုပဲ အားကိုးပြီး ကစားနေရတာပါ။ လီဗာပူး ကတော့ အရန်စာရင်းပါ ပိုပြီးတောင့်တင်းလာသလို ၊ အဲဒီ ကစားသမားတွေကတောင် ရလာဒ်ကောင်းတွေ ရအောင် ယူပြနိုင်တယ် ဆိုတာ ကျနော်တို့ မြင်နေရပါတယ်။

ခန့်မှန်းချက် – လီဗာပူး 2-0 ဝက်စ်ဟမ်း

ဝက်ဖို့ဒ် – အာဆင်နယ်

3 ပွဲ ဆက်တိုက် အနိုင်ယူပြထားတဲ့ အာဆင်နယ် က နိုင်ပွဲဆက်လေးတော့ ဆုပ်ကိုင်နိုင်ပြီလို့ ပြောလို့ ရသလို ၊ အဆင့် 4 ရပ်တည်ဖို့ အတွက်လဲ အကောင်းဆုံး အလားအလာတွေ ပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက် ၊ စပါး တို့နဲ့ ယှဉ်ကြည့်လိုက်ရင် အာဆင်နယ် ရဲ့ ကစားပုံက ပိုပြီး တည်ငြိမ်သလို ၊ တစ်သင်းလုံးကလဲ ဦးတည်ချက် တစ်ခုတည်းကိုပဲ အားစိုက် ကစားကြတာပါ။ ကစားသမား အင်အားပိုင်းမှာတော့ သူတို့ဟာ ဝက်စ်ဟမ်းလောက်ကို မတောင့်တင်းပါဘူး။

အသင်းရဲ့ ကစားပုံက ကောင်းသည် ဖြစ်စေ ၊ အချိတ်အဆက် မမိဘူးဖြစ်စေ နိုင်ပွဲရအောင်တော့ အာတေးတားက ညှစ်ပြီး ကိုင်တွယ်ပြနေပါတယ်။ ဒါဟာ မန်နေဂျာ တစ်ယောက် ရဲ့ အရည်သွေး ဖြစ်သလို ၊ နောက်တစ်ကြိမ်ပြန်လည် စုစည်းပြလိုက်တာပါ။

ဝက်ဖို့ဒ်ကလဲ အိုးထရက်ဖို့ဒ် မှာ သရေ ရအောင် ကစားထားပါတယ်။ ဒါပေမယ့် ကံတရားကို အားပြု ကစားခဲ့လို့ တစ်မှတ်ရခဲ့တာမို့ ၊ ဒီပွဲမှာရော နောက်တစ်ကြိမ် ကံကောင်းဦးပါ့မလား ဆိုတာ မပြောတတ်ပါဘူး။

ခန့်မှန်းချက် – ဝက်ဖို့ဒ် 1-2 အာဆင်နယ်

မန်စီးတီး – ယူနိုက်တက်

ဒီပွဲဟာ မန်စီးတီး အတွက် ဒီရာသီ အရေးပါဆုံးသော ပွဲမျိုးလို့ ပြောလို့ ရပါတယ်။ မကြာခင်ကပဲ စပါးဟာ တန်ပြန် တိုက်စစ်တွေနဲ့ မန်စီးတီး ကို အီတီဟတ်မှာ အလဲထိုးပြခဲ့သလို ၊ ယူနိုက်တက် မှာလဲ အလားတူ ပုံစံမျိုး စွမ်းဆောင်ပြနိုင်တဲ့ သူတွေ ပိုင်ဆိုင်ထားပါတယ်။

ကျနော် ကတော့ ယုူနိုက်တက် ကစားပုံကို အပြည့်အ၀ မယုံကြည်သေးပါဘူး။ ဝက်ဖို့ဒ် နဲ့ ပွဲမှာလဲ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ် ဆိုပေမယ့် ၊ အမိအရ ဆုပ်ကိုင်တဲ့ အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။

ဒါကြောင့် ဒီပွဲမှာ ယူနိုက်တက် ဂိုးသွင်းမယ် ၊ မန်စီးတီး ကိုတော့ အသာစီးယူနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ မှန်းထားချင်ပါတယ်။

ခန့်မှန်းချက် – မန်စီးတီး 2-1 ယူနိုက်တက်