ဒိုလေး မပါဘဲ စီးတီးကို ရင်ဆိုင်မယ့် မန်ယူ၊ ဟာဗက်နဲ့ ဂျိမ်းစ်၊ ရှုံးပွဲ မရှိ ဗန်ဒိုက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
ဒီနေ့ည မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်အတွက် အီတီဟတ်သို့ ထွက်ခွာလာတဲ့ မန်ယူအသင်းကစားသမား စာရင်းမှာ တိုက်စစ်မှူး စီရိုနယ်ဒို တစ်ယောက် ပါဝင်လာခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
အာဆင်နယ် တိုက်စစ်သမား မာတီနယ်လီဟာ ဂန်းနားတွေနဲ့အတူ ချန်ပီယံလိဂ် အောင်မြင်မှုရဖို့ ရည်မှန်းထားသလို အာဆင်နယ်မှာပဲ သူ့တစ်ဘဝလုံး နေသွားချင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
မန်စီးတီး နည်းပြဖြစ်တဲ့ ဂွာဒီယိုလာ ကတော့ သူတို့ အသင်း အနေနဲ့ တိုက်စစ်မှူး အသစ် တစ်ယောက် မဖြစ်မနေ လိုအပ်တယ် ဝန်ခံခဲ့ပေမယ့် သူတို့အသင်းက တိုက်စစ်မှူး မပါပဲ အကောင်းဆုံးနိူင်ပွဲကို ရယူနိူင်ကြောင်း၊ သူတို့ နိူင်ပွဲ မတွေ့တဲ့ အခါ တိုက်စစ်မှူး မပါလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပရီးမီးယားလိဂ်မှာ တိုက်စစ်မှူး ပါမှ ကစားရမှာလား ဆိုတဲ့ မေးခွန်းကို တုန့်ပြန်လိုက်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဘန်ဝှိုက်ရဲ့ တောက်ပတဲ့ ရာသီဖြစ်ကြောင်း ချီးကျူးစကား ဆိုလိုက်ပါတယ်။ သူ ဝတ်ဆင်ရတဲ့ ကျောနံပါတ်၊ ပြောင်းရွှေ့ကြေး ဖိအားတွေကိုဘ န်ဝှိုက်က အကောင်းဆုံး ကိုင်တွယ် နိုင်ကြောင်း၊ ဘန်ဝှိုက်ဟာ အသက်အရွယ်နဲ့ မလိုက် အသင်းရဲ့တောင်းဆိုချက်ကို ဆောင်ရွက်ပေးနေကြောင်း ဆိုခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာဘန်းစ်က စီရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအစား မန်စီးတီးကို ပြောင်းခဲ့သင့်တာ ဖြစ်ကြောင်း၊ အသက် ၃၇ နှစ်အရွယ် ရှိနေပေမဲ့ စီရော်နယ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းဟာ ခမ်းနားကြောင်း၊ တကယ်လို့ စီရော်နယ်ဒိုအနေနဲ့ မန်စီးတီးကို ပြောင်းခဲ့မယ်ဆိုရင် ဒီအချိန်မှာ ၂၅ ဂိုးလောက်သွင်းနိုင်နေမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်က ဘန်လေနဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့အသင်းဖော် ရီစီဂျိမ်းစ်ကို ချီးကျူးခဲ့ပါတယ်။ဂျိမ်းစ်ဟာ အလွန်ထူးခြားတဲ့ ကစားသမားဖြစ်ကြောင်း၊ အသင်းအတွက် အလွန်အရေးပါသူဖြစ်ပြီး Full Back ဆိုပေမဲ့ ဂိုးလည်းသွင်းနိုင်သူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ညက ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ လေးဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပြီး ကိုင်ဟာဗက်က ၂ ဂိုးနဲ့ ဂျိမ်းစ်ကလည်း ၁ ဂိုး သွင်းယူခဲ့တာပါ။ ကျန်တစ်ဂိုးကိုတော့ ပူလီဆစ်က သွင်းခဲ့ပါတယ်။
လီဗာပူးကလည်း ညက ဝက်စ်ဟမ်းကို ၁-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဗန်ဒိုက်က လီဗာပူး အသင်းကအတွက် အိမ်ကွင်းဖြစ်တဲ့ အန်းဖီးမှာ ပွဲပေါင်း ၆၀ ကန်ရာမှာ တစ်ပွဲမှ မရှုံးပါဘူး။ ၅၂ ပွဲ နိူင်ပြီး ၈ ပွဲ သရေကျခဲ့ပါတယ်။ ဒီ အတွက် သူက ကလပ်တစ်ခုထဲ အတွက် အိမ်ကွင်းမှာ ရှုံးပွဲ လုံး၀ မရှိတဲ့ စံချိန်သစ်တင်နိူင်ခဲ့ပါတယ်။
မန်ယူအသင်းကတော့ ဆောက်သင်တမ် နည်းပြ ဖြစ်တဲ့ ဟက်ဆင်ဟော့ ကို လာမယ့်နွေမှာနည်းပြသစ် ခန့်အပ်ဖို့ အတွက် စဉ်းစားနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ PSG နည်းပြဖြစ်တဲ့ ပိုချက်တီနို နဲ့ အေးဂျက် နည်းပြ ဖြစ်တဲ့ အဲရစ်တန်ဟက် တို့ကလည်း ရေပန်းစားဆုံးဖြစ်နေပါတယ်။