စပါးရဲ့ ဂိုးပြတ်အနိုင်၊ ပေါ်တူဂီပြန်သွားတဲ့ ဒိုလေး၊ အရောင်းတင်ခံရတဲ့ ချဲလ်ဆီးအသင်းသားနဲ့ နံနက်ခင်း သတင်းများ

စပါးကတော့ အိမ်ကွင်းမှာ အားရဖွယ်ရာခြေစွမ်းနဲ့ အဲဗာတန်ကို ၅-၀ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ေ မျှာ်လင့်ချင်စရာ ဖြစ်လာခဲ့ပြန်ခဲ့ပါတယ်။ စပါးအတွက် ဂိုးတွေကိုတော့ ဟယ်ရီကိန်းက နှစ်ဂိုး၊ မိုက်ကယ်ကိန်းက OG၊ ဆွန်ဟောင်မင်နဲ့ ရယ်ဂီလွန်တို့ကသွင်းခဲ့တာပါ။

ရှရင်ဂမ်ကတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမားဖြစ်ကြောင်း၊ လွနခဲ့တဲ့၄ နှစ်၊ ၅ နှစ်အတွင်း ဟယ်ရီကိန်းဟာ အလွန်တိုးတက်လာပြီး အကောင်းဆုံးပုံစံ ရရှိနေကြောင်း၊ သူ့အနေနဲ့ အလန်ရှီးယား ရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်း အများဆုံးစံချိန်ကို လိုက်မှီမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းမှာ နေရမဲ့အစား ပေါ်တူဂီ ပြန်သွားခဲ့တဲ့အပေါ် အံ့အားသင့်နေကြကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာမန်စီးတီးနဲ့ပွဲမှာ ချန်လှပ်ခံရပြီးနောက် ပေါ်တူဂီကို ပြန်သွားခဲ့တာပါ။ မန်ယူဟာ ဒီတစ်ပတ်မှာ ယှဉ်ပြိုင်စရာ ပွဲမရှိဘဲ လာမဲ့တစ်ပတ်မှာမှ စပါးနဲ့ ယှဉ်ပြိုင်ရမှာပါ။

PSG တိုက်စစ်မှူး အမ်ဘာပေ ဟာ မနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ရရှိခဲ့ပြီး လာမယ့် ကြားရက်မှာ ရီးရဲ မက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲ အတွက် မသေချာတဲ့ အခြေအနေ ရှိလာခဲ့ပြီ လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

လူတန်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာပါဝင်ကစားခဲ့တဲ့ ချဲလ်ဆီး ကစားသမားတစ်ဦးအနေနဲ့ အေဘရာမိုဗစ်က ချဲလ်ဆီးကို အရောင်း တင်လိုက်တာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ ဆိုရှယ်မီဒီယာ မသုံးခဲ့တာကြောင့် သိရှိခဲ့ခြင်း မရှိဘဲ တခြား ကစားသမားတွေကတော့ သိရှိခဲ့တာပါ။ အဲဒီကစားသမားက ဘယ်သူလဲဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

မန်ယူ တိုက်စစ်မှုး မားကပ်စ် ရက်ချ်ဖိုဒ့်က သူ့အနာဂတ်ကို လာမယ့် နွေမှာစဉ်းစားတော့မယ်လို့ဆိုပါတယ်။ ရက်ချ်ဖိုဒ့်က ပွဲချိန် ကစားခွင့် နည်းပါးတဲ့ အပေါ် စိတ်ပျက်နေတာလို့ဆိုပါတယ်။ သူ့ စာချုပ်က ဇွန်လ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင် ကစားသမားတွေဟာ တစ်ယောက် ပေါင် ၅ သိန်းစီ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရင်အနည်းဆုံး ပေါင်သန်း ၅၀ ရရှိမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းကတည်းက ချန်ပီယံလိဂ်နဲ့ လွဲချော်ခဲ့တာပါ။

အင်တာမီလန်နောက်ခံလူ ဘာစတွန်နီက ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမဲ့ လီဗာပူးဟာ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ကြောင်း၊ ဒါပေမဲ့ လီဗာပးူကို ကြောက်ရွံ့နေဖို့ မလိုကြောင်း၊ သူတို့အနေနဲ့ အကောင်းဆုံး ရင်ဆိုင်သွားမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။