ရှုံးပေမယ့် ကွာတားတက်သွားတဲ့ လီဗာပူး၊ ပက်နဲ့ နှိုင်းချီးကျူးခံရတဲ့ အာတီတာ၊ ထိမရတဲ့ ရက်ဖို့ဒ်နဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျောပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက အင်တာမီလန် အသင်းကို အိမ်ကွင်းမှာ ဝ-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာ ကစားခဲ့ကြတဲ့ ဘိုင်ယန်နဲ့ ဆောလ်ဘတ်တို့ရဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်အသင်းက ၇-၁ ဂိုးနဲ့ ထပ်မံ အနိုင် ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈-၂ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို ပြတ်ပြတ်သားသား တက်လှမ်းနိုင်ခဲ့ပါတယ်။

တော့တင်ဟမ် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ၎င်းကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးနေတဲ့ နည်းပြ ကွန်တီကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ လာမယ့် ၂၀၂၈ ယူရိုဖလားပွဲမှ စတင်ပြီး အသင်း ၃၂ သင်းနဲ့ ပြိုင်ပွဲကို တိုးချဲ့ကျင်းပသွားဖို့ စီစဉ်နေကြပါတယ်။

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ် ကတော့ ချန်ပီယံလိဂ် ကွာတားအဆင့် တက်လှမ်းနိုင်ခဲ့ပေမယ့် အင်တာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် လာမယ့်အဆင့်တွေမှာ ပြိုင်ဘက်ကို ပိုမို သတိထားတက်ဖို့ ၎င်းတို့ကို တွန်းအား ပေးနိုင်ခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

အမေရိကန် ဘီလျံနာ ဂျို့ချ် ဟားရစ်ဟာ ပေါင် ၃ ဘီလီယံတန် ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ၎င်းဟာ ခရစ်တယ်ပဲလေ့စ်အသင်းထံ ပေါင် သန်း ၅၀ အထိ ရင်းနှီးမြုပ်နှံခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ဖို့ဒ်အနေနဲ့ ဘယ်နည်းပြ လာလာ ရောင်းချ ခံရမှာမဟုတ်ကြောင်း၊ ရက်ဖို့ဒ်ဟာ မန်ယူရဲ့ အထိခံလို့မရတဲ့ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိမှာ ရက်ဖို့ဒ်ဟာ ခြေစွမ်းကျဆင်းနေတာပါ။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီကုန်မှာ ချဲလ်ဆီးကနေ အလွတ်နဲ့ ထွက်ခွာနိုင်မဲ့ ရူဒီဂါကို နယူးကာဆယ်က မက်မောဖွယ်ရာ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးက အာဆင်နယ်နည်းပြ အာတီတာကို ဂွါဒီယိုလာနဲ့ ခိုင်းနှိုင်းချီးကျူးခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကထက်စာရင် အာတီတာဟာ ချောမွေ့လာကြောင်း၊ အာဆင်နယ် က ဘောလုံးဆုံးရှုံးချိန်မှာ ကစားပုံ တိုးတက်လာပြီး ၅ စက္ကန့်အတွင်း ဘောလုံး ပြန်လုနိုင်တာမျိုးက ဂွါဒီယိုလာရဲ့ပုံစံဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။