ပေါ့ဘာကို နွေမှာ ခေါ်ယူဖို့ လစာ၊ ခံစားခွင့် အပြည့်နဲ့ ကမ်းလှမ်းမှု စတင် လုပ်ထားတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာ ကို အလွတ်နဲ့ ပြန်လည်ခေါ်ယူဖို့အတွက် အပိုဆုကြေးတွေအပြင် တစ်နှစ်လုပ်ခ ယူရို(၉)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး သူဟာ မန်ချက်စတာကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖွယ် မရှိပါဘူး။ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း ပေါ့ဘာ ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။

ဒါပေမယ့် ဂျုဗင်တပ်စ် အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။အီတလီဂျာနယ်လစ် ရူဒီဂါလတ်တီ က ဂျုဗင်တပ်စ် အသင်းဟာ ပေါ့ဘာ ကို ပြန်လည်ခေါ်ယူဖို့ တစ်ရာသီ ယူရို(၉)သန်း အပြင် အပိုဆုကြေး ယူရို(၃)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ ပြောခဲ့တာပါ။

ကစားသမားနဲ့ အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေဟာ လျင်မြန်စွာရွေ့လျားနေပြီး ပေါ့ဘာ ဟာ ဂျုဗင်တပ်စ် အသင်းထံ ပြန်လာနိုင်တယ်ဆိုတဲ့ သဘောတူညီချက်ကို မကြာမီမှာ ရရှိလာနိုင်တယ်လို့ ရုဒီဂါလတ်တီ က ပြောခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ (၂၀၁၂)ကနေ (၂၀၁၆)အထိ ဂျုဗင်တပ်စ် အသင်းမှာ ကစားခဲ့ပြီး စီးရီးအေဆုဖလား(၄)ကြိမ်နဲ့ ကိုပါ အီတာလီယာဖလား(၂)ကြိမ် ရရှိခဲ့တာပါ။အဲ့ဒီနောက်မှာ ပြင်သစ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းနည်းပြ အယ်လီဂရီကလည်း ပေါ့ဘာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ မကြာသေးခင်က တုံ့ပြန်ထားခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲ ကစားထားပြီး (၁)ဂိုး သွင်းယူထားတာပါ။ ပြင်သစ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဖလား တို့ကို ရယူထားပါတယ်။