ပိုင်ရှင် အပြောင်းအလဲ ကိစ္စ ရိုက်ခတ်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ အနာဂတ်ကို သုံးသပ် ပြောဆိုသွားတဲ့ မာဖီ
ရုရှား – ယူကရိန်း ကိစ္စ ပေါ်ပေါက်လာပြီးနောက် ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ သူ အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာတဲ့ ချဲလ်ဆီး အသင်းကို ၃ ဘီလီယံနဲ့ ရောင်းချဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့နောက်မှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံတို့ အတွက် အနာဂတ် မရေရာမှု က အနည်းနဲ့ အများ ရှိနေပါတယ် ။
ချဲလ်ဆီးက လက်ရှိမှာ အမှတ်ပေးဇယား ရပ်တည်မှု အရ ထိပ်ဆုံး က မန်စီးတီး အနောက် ၂ပွဲလျော့ ရမှတ် ၁၆ မှတ် အထိ ကွာဟနေတာကြောင့် ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ဖို့ အရေးကို ခဏ မေ့ထားပြီး လက်တွေ့ကျတဲ့ အက်ဖ်အေ ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့မှာ အောင်မြင်မှု ရဖို့ ကြိုးစားရမှာပါ။
လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ကတော့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တဲ့အခါမှာလည်း ချဲလ်ဆီး အနာဂတ် ဘယ်လိုရှိနိုင်မလဲ ဆိုတာကို သုံးသပ်ခဲ့ပါတယ်။

ဒန်နီ မာဖီ က ” ဒီနှစ် ရာသီ အပါအဝင် ပြီးခဲ့တဲ့ ၄နှစ် အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲကို မန်စီးတီးနဲ့ လီဗာပူးတို့က ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အဆင့်အတန်းမျိုးနဲ့ လွှမ်းမိုးထားတာပါ ။ သူတို့ဟာ တသင်းကို တသင်း အပြိုင် တွန်းအားပေး လာကြတာ ဖြစ်ပါတယ် ။ ”
” ဒါပေမယ့် လာမယ့် ၂နှစ်မှာ ဒီ ၂သင်းကို ဘယ်အသင်းက အနီးကပ် စိန်ခေါ်မှာလဲလို့ မေးလာရင် ကျွန်တော် ကတော့ ချဲလ်ဆီးကလွဲပြီး တခြား အသင်း မရှိဘူးလို့ သုံးသပ်လိုပါတယ် ။ ဒီလို ပြောရခြင်းဟာလည်း ချဲလ်ဆီး အသင်းရဲ့ ဘဏ္ဍာ အင်အားကြောင့် ဖြစ်ပါတယ် ။ ဒါပေမယ့် ပိုင်ရှင် အပြောင်းအလဲကြောင့် ဒါက ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ် ။ ”
” လောလောဆယ်မှာတော့ မန်စီးတီးနဲ့ လီဗာပူး ဟာ အခြား အသင်းတွေထက် အဆများစွာ သာနေပါတယ်။ အကယ်၍ ချဲလ်ဆီးသာ အနာဂတ်မှာ ကစားသမားတွေကို ချင့်ချင့်ချိန်ချိန် မခေါ်ယူဘူး၊ ဘဏ္ဍာရေး စည်းမျဉ်းကို သေသေချာချာ မလိုက်နာဘူး ဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ” လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။