ဇယားအောက်နား ရောက်နေကာမှ အမှတ်လျှော့ခံ ပြစ်ဒဏ်နဲ့ တန်းဆင်းရဖို့ ပို နီးလာတဲ့ အဲဗာတန်

အဲဗာတန် အသင်းဟာ ပြည်တွင်းလိဂ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ထားပြီး သူတို့ရဲ့ ဘဏ္ဍာရေး ဟန်ချက် မညီမျှမှုကြောင့် ပရီးမီးယားလိဂ်နဲ့ ညိနှိုင်းရမယ့် စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိနေကာ အမှတ်လျှော့ ပြစ်ဒဏ် ထိဖွယ်ပါ ရှိနေပါတယ်။

ပရီးမီးယားလိဂ်က ဒီလကို နောက်ဆုံးထားပြီး ကလပ်တွေရဲ့ ဘဏ္ဍာရေးစာရင်းတွေ တင်ပြဖို့ တောင်းခံထားတယ်။ ကလပ်တွေ ထုတ်ပြန်လာတဲ့ ငွေစာရင်းတွေကို လိဂ်ဘက်က စစ်ဆေးမှု ပြုလုပ်ကာ စည်းမျဉ်းချိုးဖောက်တဲ့ အသင်း တွေကို ရာသီအကုန်မှာ အရေးယူမှု ပြုလုပ်မှာဖြစ်တယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ ကလပ်တွေရဲ့ ငွေကြေး သုံးစွဲမှုမှာ ပြစ်ဒဏ်ကျူးလွန်ကြောင်း တွေ့ရှိမယ်ဆိုရင် ငွေဒဏ် (သို့) အမှတ်လျော့ပြစ်ဒဏ် ကျခံရမယ်လို့ သတ်မှတ်ထားပါတယ်။

ပရီးမီးယားလိဂ်ဟာ ကိုဗစ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးကိစ္စမှာ ၃ နှစ်အစား ၄ နှစ်ကို တိုးမြင့်ပေးခဲ့ပြီး အသုံးစရိတ် ဆိုင်ရာ စည်းမျဉ်း အချို့ကို ပြုပြင်ပေးထားပါတယ်။ ကိုဗစ် နှစ်ကျော့အတွက် ဖြေလျော့မှုတွေ လုပ်ပေးထားပေမယ့် အဲဗာတန်ကတော့ စည်းမျဉ်းချိုးဖောက်မှုအတွက် အရေးယူခံရမယ့် အန္တရာယ်နဲ့ နီးစပ်နေဆဲဖြစ်ပါတယ်။

အဲဗာတန်ဟာ ကုန်ခဲ့တဲ့ ၆ နှစ်အတွင်း ကစားသမား ခေါ်ယူမှုအတွက် ပေါင် သန်း ၄၅၀ ထိ သုံးစွဲထားတဲ့ အသင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ နွေမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမား ၄ ဦး ခေါ်ယူခဲ့သလို လေဗာကူဆင်ကနေ ဂရေးကို ပေါင် ၁.၇ သန်းဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲဗာတန်ဟာ တန်းဆင်းဇုန် အထက်မှာ ရှိနေတဲ့အသင်းဖြစ်ပြီး အမှတ်လျှော့ ပြစ်ဒဏ်သာ ထိမယ် ဆိုရင် ချန်ပီယံရှစ် ရောက်သွားနိုင်တဲ့ အခြေအနေ ဆိုး ရှိနေပါတယ်။

အဲဗာတန်ဟာ မန်နေဂျာ အပြောင်းအလဲအဖြစ် လမ်းပတ်ကို ခန့်အပ်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ကာ ရလဒ်ဆိုးတွေနဲ့အတူ အတော်လေး ယိမ်းယိုင်နေဆဲ ဖြစ်ပါတယ်။