မက်ဆီကို ခေါ်ပြီး နေမာ၊ ဘာပေတို့နဲ့ တွဲလည်း ချန်ပီယံလိဂ် ကွာတားကို မတက်နိုင်တဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ် ကို ပထမအကျော့က ၁-၀ နဲ့ နိုင်ထားခဲ့ပေမယ့် ညက ဒုတိယအကျော့ ပွဲမှာ ၃-၁ နဲ့ ရှုံးသွားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ညက ပွဲမှာ ရီးရဲလ်မက်ဒရစ် အတွက် ဒီပွဲမှာ ကက်စ်မဲရိုးမပါဝင်နိုင်ခဲ့ဘဲ ကွင်းလယ်မှာ ဗယ်လ်ဗာဒီ၊ တိုနီကရူးစ်၊ မိုဒရစ်တို့ ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းနဲ့ တိုက်စစ်ပိုင်းကတော့ အပြောင်းအလဲမရှိခဲ့ဘဲ ကာဗာဟယ်လ်၊ မီလီတာအို၊ အလာဘာ၊ နာချို နဲ့ တိုက်စစ်မှာ ဘန်ဇီမာ၊ အဆန်စီယို၊ ဗီနီရှပ်စ်တို့ ပွဲထွက်ခဲ့ပါတယ်။
ပီအက်စ်ဂျီက ဒဏ်ရာရနေတယ်လို့ သတင်းထွက်နေတဲ့ အမ်ဘာပေ ပါဝင်လာခဲ့ပြီး နေမာ၊ မက်ဆီတို့နဲ့ တွဲပေး ထားခဲ့ပါတယ်။ ဂိုးသမား နေရာမှာ ဒွန်နာရမ်မာပဲ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ ဟာကီမီ၊ မာကွင်ဟို့စ်၊ ကင်ပမ်ဘီ၊ နူနိုမန်ဒက်စ်၊ ကွင်းလယ်မှာ ဒန်နီလိုပါရဲရား၊ ပါရီဒက်စ်၊ ဗာရက်တီတို့ ပါဝင်ခဲ့ပါတယ်။

မဖြစ်မနေ ဂိုးလိုအပ်နေတဲ့ ရီးရဲယ်မက်ဒရစ်တို့ ပထမပိုင်းမှာ ဗီနီရှပ်စ်၊ အဆန်စီယိုတို့ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့် ထင်တိုင်း မပေါက်ခဲ့ပါဘူး။ ကွင်းလယ်မှာ ကက်စ်မဲရိုးမပါတာကလည်း မိုဒရစ်၊ ကရူးစ်တို့ရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။
ပီအက်စ်ဂျီက မက်ဆီ ကျေနပ်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခဲ့သလို အမ်ဘာပေကလည်း နေမာရဲ့ ဖန်တီးပေးမှုက တဆင့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ တိုနီကရူးစ်၊ အဆန်စီယို တို့ရဲ့နေရာကို ကာမာဗင်ဂါ၊ ရိုဒရီဂိုတို့ လူစားဝင်ကစားခဲ့ပါတယ်။ ဒါကပဲ ပွဲကိုအပြောင်းအလဲဖြစ်စေခဲ့ပါတယ်။
အဲ့ဒီနောက် မိနစ် (၆၀) မှာတော့ ရီးရဲလ်မက်ဒရစ် တို့ ချေပဂိုးရရှိခဲ့ပြီး ဘန်ဇီမာက ဗီနီရှပ်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက မလိုအပ်ဘဲ မစွန့်စားဖို့ ဆုံးဖြတ်လာပုံရပြီး တတ်နိုင်သလောက် ပွဲကို ထိန်းချုပ်နိုင်အောင်ပဲ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ပွဲကစားချိန် (၇၅) မိနစ်နဲ့ (၇၇) မိနစ်တို့မှာ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ် အတွက် နှစ်ဂိုး ဆက်တိုက် သွင်းနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် တို့ ၃-၁ ဂိုးနဲ့အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေက နာမည်ကျော် မက်ဆီကို ခေါ်ပြီး ဥရောပ ချန်ပီယံလိဂ် ဖလားကို ရယူဖို့ ရည်မှန်းထားတဲ့ ပီအက်စ်ဂျီ အတွက်တော့ ညက ပွဲဟာ ရှုံးချက်နာခဲ့ပြီး အသင်းဥက္ကဌတောင် ပွဲအပြီးမှာ ဒေါသမထိန်းနိုင်ဘဲ ဒိုင်လူကြီးတွေ အခန်းထိ သွားရောက် သောင်းကျန်းခဲ့ပါတယ်။