မန်ယူနဲ့ ချဲလ်ဆီးတို့ အပြိုင် ခေါ်ကြတော့မယ့် ဘာစီလိုနာ လူငယ်ကြယ်ပွင့် အာရူဂျို

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ဘာစီလိုနာရဲ့ ဥရုဂွေး ခံစစ်မှူး အာရူဂျိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဗဟိုခံစစ်မှူး အာရူဂျိုဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးဖို့လည်း မရေမရာ ဖြစ်နေသူပါ။

အာရူဂျိုဟာ အရပ်အမောင်း မြင့်မားသလို ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ နောက်ခံလူ တဦး ဖြစ်တာကြောင့် လာလီဂါရဲ့ အကောင်းဆုံး လူငယ် ခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအချိန်မှာတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရူဒီဂါ ၊ အက်စ်ပီလီကွီတာ ၊ ခရစ်တန်ဆန်တို့လို ခံစစ်မှူးတွေကို လက်လွှတ်ရဖို့ ရှိနေသလို သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် ခံစစ်မှူးအသစ်တွေ ခေါ်ယူဖို့ စတင် လှုပ်ရှားနေတဲ့ ချဲလ်ဆီးကလည်း အာရူဂျိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

ချဲလ်ဆီး ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အနိမ့်ဆုံး ထိပ်တန်း ခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ စီစဉ် ထားတာကြောင့် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် အာရူဂျိုက သူတို့အတွက် နံပါတ်တစ် ပစ်မှတ် ဖြစ်လာပြီး ချဲလ်ဆီးတာဝန်ရှိသူတွေက အာရူဂျိုရဲ့ အေးဂျင့်ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်းလည်း အမည်မဖော်လိုတဲ့ ချဲလ်ဆီး ဝန်ထမ်း တဦးက ဖွင့်ဟ ထားပါတယ်။

နာမည်ကြီး SPORT သတင်းဌာနကလည်း ချဲလ်ဆီးဟာ အာရူဂျိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့ပြီး ချဲလ်ဆီးက အာရူဂျိုကို တနှစ် လုပ်ခလစာ ယူရို ၁၀သန်း ဝန်းကျင် အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။