အေဗရာမိုဗစ်ချ်က အင်္ဂလိပ် ဘောလုံး လောကအတွက် စက်ဆုပ်စရာပဲ လို့ ဆိုင်မွန် ဂျော်ဒန် ဒဲ့ ဝေဖန်
ရုရှား – ယူကရိန်း စစ်ပွဲရဲ့ ပယောဂကြောင့် အေဘရာမိုဗစ်ခ်ျ ဟာ ပြင်းပြင်းထန်ထန် ဖိအားမှုကို ခံနေရသလို ချဲလ်ဆီး အသင်းရဲ့ ဂုဏ်သိက္ခာပိုင်း မထိခိုက်စေချင်တဲ့ အတွက် ချဲလ်ဆီးအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ခရစ်စတယ် ပဲလေ့စ် နည်းပြဟောင်း တဦး ဖြစ်တဲ့ ဆိုင်မွန် ဂျော်ဒန် က အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်း အပေါ်ကလွဲပြီး ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ် ဘောလုံး လောက အပေါ် ဘာတခုမှ ကောင်းကျိုးပြုတာ မဟုတ်ဘူး လို့ ဖွင့်ဟလာပါတယ်။
ဆိုင်မွန် ဂျော်ဒန် က ” လေးစားမှုထားပြီး ပြောရရင် အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်း အတွက်က လွဲပြီး အင်္ဂလိပ် ဘောလုံးလောကမှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုးရွားဆုံး အရာတွေထဲက တခုပါ။ ကျွန်တော်တို့ဟာ အရင်ကတည်းက ခရီးရဲ့ အထက် လမ်းကြောင်းကို ရောက်ရှိနှင့်ပြီးပါပြီ။ ”
” ပရီးမီးယားလိဂ်ဟာ အမြင့် ပျံသန်းနေပြီးသား ဖြစ်သလို ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ခတွေကနေလည်း ဝင်ငွေတွေ အများကြီး ရရှိပြီးသား ဖြစ်ပါတယ်။ ချဲလ်ဆီးမှာ သူ လုပ်ခဲ့တဲ့ အရာက ငွေကြေး ဖောင်းပွမှုသာ ဖြစ်သလို ၊ သူဟာ ဘောလုံးလောကကို ငွေကြေးနဲ့ ဝယ်ယူလို့ ရတယ် ဆိုတဲ့ လုပ်ထုံးနဲ့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုး တိုင်းတာမှုကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။ ”

” ဒီတော့ ဘဏ္ဍာရေး အရ ငွေကြေး မတတ်နိုင်တာ မင်းထိုက်နဲ့ မင်းကံဆိုတဲ့ သဘော သက်ရောက်သွားစေပါတယ်။ အခုတော့ ကျွန်တော်တို့ သူ့ကြောင့် ဘာပြန်ရလိုက်လဲ ? ပေးဆပ်လိုစိတ် မရှိတဲ့ အချိန်တန်ရင် လစာပဲ မျှော်တတ်တဲ့ ကစားသမား မျိုးဆက် တခုသာ အစားထိုး ပြန်ရလိုက်ပါတယ်။ ”
” အေဘရာမိုဗစ်ခ်ျ ချန်လှပ်ခဲ့တဲ့ အမွေအနှစ်က ဘာလဲ ? ချဲလ်ဆီး အတွက်လား ? မိုက်ပါတယ်။ ဒီ နိုင်ငံရဲ့ ဘောလုံး လောက အတွက်လား ? ကျွန်တော်ကတော့ သူဟာ အင်္ဂလိပ် ဘောလုံး လောကအတွက် စက်ဆုပ်စရာကောင်းတဲ့ ပုဂ္ဂိုလ် တဦးလို့ပဲ မြင်ပါတယ်။ ”
” ကံဆိုးစွာနဲ့ ဒီ နိုင်ငံမှာ အကြီးကျယ်ဆုံးနဲ့ အထင်ရှားဆုံး ပြယုဂ် က ကျွန်တော်တို့ရဲ့ ဘောလုံး ကလပ်တွေ ဖြစ်ကြပါတယ် ။ ဒီတော့ ဒီလို ငွေကြေး ဓန အင်အား ကြီးကြီးမားမား ပိုင်ဆိုင်ထားကြတဲ့ ဒီလူတစုကို နိုင်ငံထဲ ဝင်လာခွင့်ပေး ၊ ကျေကျေနပ်နပ်ကြီးနဲ့ ဘောလုံး ကလပ်တွေကို လည်ပတ်ခွင့် ပေးမိကြပါတယ် ”
” ဒီ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်က ဘာလဲ ? ဘောလုံးလောကကို ဖျက်ဆီးတဲ့ ငွေကြေး ဖောင်းပွမှုသာ ဖြစ်ပါတယ် ။ အမြတ်ထွက်ခဲ့တဲ့သူတွေကတော့ ကစားသမားတွေနဲ့ အေးဂျင့်တွေသာ ဖြစ်ပါတယ် ဘယ်သူကမှ သူတို့ထက် ပိုပြီး ပိုက်ဆံ မရကြပါဘူး ။ ဘယ်သူကမှ ဘောလုံးကနေ သူတို့ထက် ပိုပြီး အကျိုးအမြတ် မရကြပါဘူး ”
” ပရိသတ်တွေ အတွက်တော့ ပိုကောင်းတဲ့ ဘောလုံး ပြိုင်ဆိုင်မှု အချို့ကို မြင်တွေ့စေပေမယ့် ဒီလို ဓနရှင်တွေ မရောက်လာရင်လည်း ဒါက ဖြစ်ကိုဖြစ်မှာပါပဲ ။ ဒီတော့ လက်ရှိ အခြေအနေကို ကြည့်ပြီး အဘရာမိုဗစ်ခ်ျ ဟာ အင်္ဂလိပ် ဘောလုံး လောက အတွက် တကယ်တမ်း ဘာများ အကျိုးပြုပေးတယ်လို့ ခင်ဗျား ထောက်ပြမှာလဲ ? ”
” ဘောလုံး ပြိုင်ပွဲတွေရဲ့ တကယ့် အနှစ်အရသာ အစစ်အမှန် ဟာ ပရိသတ်တွေနဲ့ ပိုပိုပြီး ဝေးကွာစေသလို ပွဲတပွဲ အတွက် ကုန်ကျတဲ့ စရိတ် က ပိုပိုများလာရုံသာ ရှိပါတယ်။ ကစားသမားတွေ အတွက်ကျ ထိန်းချုပ်မှု အားနည်းလာစေပြီး တန်ဖိုးလည်း ပိုကျသွားစေပါတယ်။ ဒီတော့ အရှုပ်အထုပ် တခု ရှင်းသွားတာပေါ့။ ” လို့ ပြောကြားခဲ့ပါတယ်။