မိုဗစ်ချ် ပိုင်ဆိုင်မှု ထိန်းခံရခြင်းနဲ့ အသင်းကို ရောင်းမရ၊ ပြင်းထန်တဲ့ ပိတ်ပင်မှု ခံရခြင်း အပါအဝင် ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး အသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ်ရဲ့ ဗြိတိန်က ပိုင်ဆိုင်မှုတွေကို အစိုးရက frozen လုပ်ပြီး ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါက ချဲလ်ဆီး အတွက် ဆိုးဝါးတဲ့ ထိုးနှက်ချက် ဖြစ်ပြီး ပြင်းထန်တဲ့ ကန့်သတ်မှုတွေ ရင်ဆိုင်ရမှာပါ။

ချဲလ်ဆီးအသင်းဟာ ကွင်းဝင်ခွင့် လက်မှတ်တွေကို တစ်ရာသီစာကြိုတင် ဝယ်ယူထားသူတွေကလွဲလို့ ထပ်မံ ရောင်းချခွင့် မရှိတော့ပါဘူး။ ကစားသမားသစ် ဝယ်ယူခွင့်လည်း မရှိတော့သလို လက်ရှိ ကစားသမားတွေကိုလည်း သက်တမ်း တိုးခွင့် မရှိပါဘူး။ ချဲလ်ဆီးအသင်းရဲ့ ဘောလုံး ဂျာစီ အပါအဝင် အသုံးအဆောင် ပစ္စည်းတွေကိုလည်း အင်္ဂလန်က အသင်းပိုင် စတိုးကနေ ရောင်းချခွင့် မရှိတော့ဘူး ဖြစ်ပါတယ်။

ကလပ်အသင်းကို ရောင်းချခွင့်က လောလောဆယ် ပိတ်သွားပြီ ဖြစ်ပေမယ့် ဗြိတိန် အစိုးရကို စီမံခွင့် လွှဲအပ် လိုက်ရင်တော့ ပိုင်ရှင်သစ်ထံ ရောင်းချခွင့် ရှိပါသေးတယ်။ ရောင်းချရရှိငွေကိုတော့ မိုဗစ်ချ် စီမံခွင့် ရဦးမှာ မဟုတ်ဘဲ ဗြိတိန်ကပဲ သိမ်းဆည်းထားမှာပါ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က သူ့အနေနဲ့ ကလပ်ရဲ့ အရေးပါတဲ့ ရာထူးတွေ အတွက် ဆုံးဖြတ်ပိုင်ခွင့် မရှိပေမယ့် ပိုင်ရှင် အသစ် ဖြစ်လာမယ့်သူတွေ အနေနဲ့ အနည်းဆုံး မာရီနာ ဂရာနော့ဗ်စကီးယားနဲ့ ပီတာချက် တို့ကို ဆက်လက် ထိန်းသိမ်းဖို့ တိုက်တွန်းစကား ဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက် ကတော့ စပါရှယ် အရည်အသွေးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ မေဆင်မောင့်ကို အခြား ချဲလ်ဆီး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း၊ တီမို ဗာနာနဲ့ ခရစ်တီယန် ပူလီဆစ်တို့ ယှဉ်မရ ဖြစ်နေကြောင်း သုံးသပ်လိုက်ပါတယ် ။

အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါး ကတော့ ချဲလ်ဆီး အသင်း ပိုင်ရှင် အသစ် ဖြစ်လာမယ့်သူတွေ အနေနဲ့ ပထမဆုံး လိုက်နာရမယ့် အချက်က ဘဏ္ဍာရေး စည်းမျဉ်း လိုက်နာဖို့ ဖြစ်ပြီး ဒုတိယ တချက် အနေနဲ့ အလေအလွင့် မဖြစ်အောင် ကစားသမားသစ်တွေကို ဂရုတစိုက် ခေါ်ယူဖို့ အကြံပြုခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန် လာပြီး ပွဲ အနည်းငယ်သာ ကစားရ သေးတဲ့ ရစ်ဆီ ဂျိမ်းစ် ဟာ ကြွက်သား ပြဿနာ အနည်းငယ် ရှိနေတယ်လို့ ထုတ်ပြောခဲ့ပြီး ဒီအတွက် စိုးရိမ်မိ ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ သူတို့ရဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ဘာစီလိုနာရဲ့ ဥရုဂွေး ခံစစ်မှူး အာရူဂျိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာကြောင်း စပိန် နဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့အတွက် သန်းကြွယ်သူဌေးများစွာက စောင့်ကြည့်နေတဲ့အထဲမှာ ဂါနာလူမျိုး ရွှေတွင်း ပိုင်ရှင်ဖြစ်တဲ့ ဘိုအာစီယာကိုလည်း ပါဝင်ပါတယ်။