တူချယ်ကို ချိန်လာတဲ့ မန်ယူ၊ ဆာလာကို မခေါ်ချင်တဲ့ နဗီးလ်၊ ဇာဗီရဲ့ စိတ်ပျက်မှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက နော့ဝှစ်ချ်ကို ၁-၃ နဲ့ အဝေးကွင်းမှာ အနိုင် ကစားနိုင်ခဲ့ပြီး ဝုဗ်ကလည်း ဝက်ဖို့ဒ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် နယူးကာဆယ်ကလည်း ဆောက်သမ်တန်ကို မထင်မှတ်ပဲ အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့ပြီး အက်စ်တွန်ဗီလာကလည်း ကော်တင်ဟိုရဲ့ အဖွင့်ဂိုးနဲ့အတူ လိဒ်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ ၎င်းတို့အသင်းပိုင်ရှင် မိုဗစ်ကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ အာရုံစိုက်နေမှာ မဟုတ်ပဲ လက်ရှိ အသင်းမှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဂါလာတာစာရေးကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဇာဗီတစ်ယောက် ပွဲ ရလဒ် အပေါ် စိတ်ပျက်နေပြီး တိုက်စစ်ပိုင်း ကစားသမားတွေရဲ့ အားနည်းချက်တွေကြောင့် အနိုင်မရရှိခဲ့ခြင်း ဖြစ်တယ်ဆိုပြီး ယူဆနေပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂန်ဒိုဂန်ကတော့ လီဗာပူးလ်အသင်းရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ် နိုင်ဖို့ ပွဲတိုင်း အနိုင်ကစားသွားရမှာ ဖြစ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

သရဲနီဟောင်း ဂယ်ရီနဗီးလ်ကတော့ သူ့သာ အသင်းဟောင်း မန်ယူအတွက် ကစားသမား တစ်ယောက် ခေါ်ခွင့် ရမယ် ဆိုရင် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းကြမ်းနေတဲ့ လီဗာပူး တိုက်စစ်မှုး မိုဆာလာ ကို ခေါ်မှာ မဟုတ်ဘဲ ဟာလန်း ဒါမှမဟုတ် အမ်ဘတ်ပီကိုသာ ခေါ်မယ်လို့ ဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ကို ပိတ်ဆို့ အရေးယူလိုက်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ဂျာစီစပွန်ဆာ ၃ ခု က ဆက်လက် စပွန်ဆာပေးဖို့ ဆိုင်းငံ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲအတွင်း ပါဝင်ကစားခဲ့တဲ့ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို မန်ယူအသင်း ကင်းထောက်အဖွဲ့မှ လာရောက်ကြည့်ရှုမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပိုချက်တီနိုကို ခေါ်ယူနိုင်ဖို့ မရေမရာဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချဲလ်ဆီးအသင်းမှ ထွက်ခွာဖို့ အကြောင်း ဖန်လာနိုင်တဲ့ တူချယ်အပေါ် အာရုံစိုက်မှုတွေ ပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကုန် အလွတ်နဲ့ ထွက်လာမယ့် ချဲလ်ဆီး နောက်တန်း ရူဒီဂါကလည်း မန်ယူ ရောက်ဖို့ သတင်းထွက်လာပါတယ်။