ကွင်းထဲ လမ်းလျှောက်နေတဲ့ မက်ဆီ အကြောင်း နာမည်တောင် တပ် မပြောချင်တော့ဘူး ဆိုတဲ့ ဝေဖန်ချက်
ပီအက်စ်ဂျီ ကစားသမားဟောင်း ဂျရုန်းရိုသန် ကတော့ ရီးရယ်လ် နဲ့ ကစားခဲ့တဲ့ပွဲက မက်ဆီရဲ့ စွမ်းဆောင်ရည် ကို ထပ်မံ ဝေဖန်လိုက်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ရီးရယ်လ် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းက ပထမအကျော့အဖြစ် ကစားခဲ့တုန်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
ဂျရုန်းရိုသန် ကတော့ ပီအက်စ်ဂျီ ကြယ်ပွင့် မက်ဆီ ဟာ ကွင်းထဲမှာ လမ်းလျှောက်နေတယ်လို့ စွပ်စွဲထားပါတယ်။

ဂျရုန်းရိုသန်က “မက်ဆီ အကြောင်းကို ဒီလိုပြောရတာ ရှက်မိပေမယ့် ဒါကတကယ့် လက်တွေ့ပါပဲ။ မနေ့က သူဟာ ကွင်းထဲမှာ လမ်းလျှောက်နေခဲ့ပါတယ်။ သူဟာ (၁၀)မီတာကနေပဲ ကြိုးစားအားထုတ်နေတာပါ။ မိုဒရစ် က သူ့ကို အိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်” လို့ ပြောခဲ့ပါတယ်။
မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာ ကနေ စာချုပ်ကုန်ဆုံးပြီး ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တာပါ။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၂၅)ပွဲမှာ (၇)ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျရုန်းရိုသန် က “နောက်တစ်ခုက သူ့နာမည်ပြောရတာ အလွန်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ သူဟာ ဘောလုံးတွေ အကုန် ဆုံးရှုံးခဲ့ပါတယ်။ သူရောက်တည်းက ရှုပ်နေတာပါပဲ။ သူဒီမှာ ရှိနေတဲ့ အချိန်မှာ ပီအက်စ်ဂျီအသင်း ပွဲတွေရဲ့ (၅၀)ရာခိုင်နှုန်းလျော့လျော့ပဲ ကစားခဲ့ပါတယ်”
“ဒဏ်ရာကနေ ပြန်လာပြီလို့ပြောပြီး သူ့အတွက် အကြောင်းပြချက်တွေ ရှာပေးရမှာလား? အဲ့လိုလုပ်ဖို့ အချိန်မရှိပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ဥရောပပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် မက်ဆီ အနေနဲ့ ဒီရာမှာ ပြင်သစ်ကလပ်နဲ့အတူ လီဂူးဝမ်းဖလားကိုပဲ အာရုံစိုက်ရတော့မှာပါ။ လီဂူးဝမ်းပြိုင်ပွဲမှာတော့ ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာ က နိုက်စ် အသင်းကို (၁၃)မှတ်ဖြတ်ထားပါတယ်။