မန်ယူနဲ့ စပါးပွဲ အပါအဝင် မိုက်ကယ်အိုဝင်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ခန့်မှန်းဟောကိန်းများ

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်က ဒီတစ်ပတ်မှာ ကစားသွားမယ့် လိဂ်ပွဲစဉ် ၂၉ အတွက် ယခုလို ခန့်မှန်းပေးသွားခဲ့ပါတယ်။

ဘရိုက်တန် vs လီဗာပူး

ဘရိုက်တန်ရဲ့ form ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ကျဆင်းသွားခဲ့ပါတယ်။ သူတို့ဟာ အခုချိန်မှာ လုံလောက်တဲ့ ဂိုးတွေ မသွင်းနိုင်ခဲ့ဘဲ တစ်ရာသီလုံးမှာ ဘန်လေနဲ့ နော့ဝှစ်တို့ဟာ ဘရိုက်တန်ထက် သွင်းဂိုးနည်းတဲ့ အသင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ တန်းဆင်းဖို့ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် ဂရေဟမ်ပေါ်တာ အနေနဲ့ ဒီရာသီ top 10 ထဲတော့ ဝင်ချင်နေမှာပါ။

လီဗာပူးဟာ နောက်ဆုံးပွဲစဉ်တွေမှာ ပုံစံကောင်းကို မပြသထားခဲ့ပါဘူး။ သူတို့ဟာ ဝက်ဟမ်းကို နိုင်ခဲ့ပေမယ့်လည်း အဆိုပါပွဲမှာ ပြိုင်ဘက်ကို အခွင့်အရေးကောင်း တစ်ချို့ ပေးခဲ့ရပါတယ်။ တစ်ချို့နေ့တွေမှာ ဒါဟာ သရေပွဲ ဖြစ်သွားနိုင်ပါတယ်။ ကြားရက်က အင်တာကို ရှုံးနိမ့်ခဲ့ခြင်းဟာ စိတ်ပျက်စရာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီပွဲမှာ အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ လီဗာပူးဟာ နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းတာ နည်းနေပေမယ့် အခွင့်အရေးတွေတော့ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးတို့ ဂိုးပေါက် ပြန်တွေ့မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ဘရိုက်တန် ၁-၃ လီဗာပူး

မန်ယူနိုက်တက် vs တော့တင်ဟမ်

ဒါဟာ ယူနိုက်တက်အတွက် အရေးကြီး ရက်သတ္တပတ်တွေရဲ့ အစ ဖြစ်ပြီး အင်္ဂါနေ့မှာလည်း အက်သလက်တီကိုနဲ့ ဒုတိယအကျော့ကို ကစားသွားရမှာပါ။ စီးတီးနဲ့ပွဲစဉ်က ယူနိုက်တက်ရဲ့ ဒုတိယပိုင်းခြေစွမ်းဟာ ကောင်းမွန်မှု လုံးဝမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပါတယ်။ ဂျေဒွန်ဆန်ချိုဟာ လှပတဲ့ဂိုးကို သွင်းနိုင်ခဲ့ပြီး ဒီအသင်းမှာ စတင်အထိုင်ကျလာသလို ပါပဲ။

စပါးဟာ ကွန်တီရဲ့လက်အောက်မှာ ခန့်မှန်းရခက်တဲ့ အသင်းဖြစ်လာပါတယ်။ သူတို့ အဲဗာတန်ကို ဂိုးပြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ အဲဗာတန်ဟာ သူတို့ကို လွယ်ကူစေခဲ့ပေမယ့်လည်း ဒီပွဲမှာ စပါးရဲ့ ကစားပုံဟာ တအားကို ကောင်းခဲ့ပါတယ်။ စပါးတို့ အားတက်စရာကတော့ ဟယ်ရီကိန်းရဲ့ form ပါပဲ။ သူဟာ တအားကို ကောင်းနေပြီး ဂိုးတွေ သွင်းနေသလို ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ကိန်းဟာ အခုဆိုရင် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရနေပြီ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ဒီပွဲမှာ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီနှစ်သင်းကြား ခြေစွမ်းကွာဟမှု သိပ်မရှိပေမယ့် ကျွန်တော်ကတော့ ယူနိုက်တက်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၂-၁ တော့တင်ဟမ်

ချဲလ်ဆီး vs နယူးကာဆယ်

ကွင်းပြင်ပ ပြသာနာတွေကြောင့် ချဲလ်ဆီး အတွက် ခက်ခဲတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပေမယ့်လည်း သူတို့ဟာ နော့ဝှစ်ကို အနိုင်ရအောင် ကစားခဲ့ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ပါတယ်။ ကိုင်ဟားဗက်ရဲ့ နောက်ပိုင်းပွဲစဉ်တွေ ကစားပုံကို ကျွန်တော် တကယ် နှစ်သက်မိပါတယ်။ သူဟာ တိုက်စစ်မှာ ဒီအသင်းရဲ့ အဓိက ကစားသမား ဖြစ်လာနေပါပြီ။ သူရဲ့ ချိတ်ဆက်ကစားပုံ ရွေ့လျားမှုတွေဟာ ကောင်းမွန်တဲ့ အပြင် နောက်ပိုင်းမှာ ဂိုးတွေပါ ပုံမှန် သွင်းနေပြီ ဖြစ်ပါတယ်။

နယူးကာဆယ်ကတော့ ရလဒ်တွေ တောက်လျှောက်ကောင်းနေပြီး ကြားရက်က ဆောက်သမ်တန်ကို နိုင်ခဲ့တာဟာ ကြီးမားတဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး တန်းဆင်းအန္တရာယ် ကနေ ကင်းလွတ်ခံနီး ဖြစ်နေပါပြီ။ ဘရူနိုဂီမာရက်ဟာ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့် ပွဲသိပ်အများကြီး မကစားထားခဲ့ရပါဘူး။ ဒါပေမယ့် သူဟာ ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ပေါက်နဲ့ ဂိုးသွင်းကာ သူ့အရည်အသွေးကို ပြသခဲ့ပါတယ်။ နယူးကာဆယ်ဟာ များစွာ တိုးတက်နေတဲ့ အသင်း ဖြစ်တာကြောင့် ချဲလ်ဆီးကို အပြန်အလှန် ကစားနိုင်မှာပါ။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ နယူးကာဆယ် အတွက် တအားကို ကောင်းလွန်းနေတယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ချဲလ်ဆီး ၂-၁ နယူးကာဆယ်

အာဆင်နယ် vs လက်စတာ

အာဆင်နယ်ဟာ နိုင်ပွဲဆက်နေပြီး အဆင့် ၄ နေရာကို ထိန်းချုပ်ထားနိုင်သလိုပါပဲ။ ဝက်ဖို့ဒ်နဲ့ပွဲမှာ သူတို့ရဲ့ ကစားပုံတစ်ချို့ဟာ တအားကို ကောင်းခဲ့ပြီး ဆာကာ အိုဒီဂတ် နဲ့ မာတင်နယ်လီ တို့ ကောင်းကောင်း ကစားသွားခဲ့ပါတယ်။ အထူးသဖြင့် ဆာကာဟာ အရမ်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်နေပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာပါတယ်။

လက်စတာဟာ ပြိုင်ပွဲစုံမှာ ၄ ပွဲဆက်တိုက် နိုင်ခဲ့ပြီး အရှိန်အဟုန် ပြန်ရနေပါတယ်။ သူတို့ဟာ ကြားရက်က ရန်းကို ၂-၀ နဲ့ အနိုင်ယူခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါ။ ဒီအချိန်မှာ အာဆင်နယ်တို့ ရမှတ်တွေ ဆုံးရှုံးမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ လက်စတာဟာ ကြားရက်က ဥရောပပွဲ ကစားထားခဲ့တာကြောင့် အနည်းငယ် ပွဲပန်းနေမှာပါ။ ကျွန်တော်ကတော့ အာဆင်နယ် နိုင်သွားမယ်လို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : အာဆင်နယ် ၂-၀ လက်စတာ

ခရစ်စတယ်ပဲလေ့စ် vs မန်စီးတီး

ပဲလေ့စ်ဟာ ပြီးခဲ့တဲ့အပတ်က ဝုဖ်ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ တကယ်ကောင်းအောင် ကစားခဲ့ပါတယ်။ top 8 ပြင်ပ အသင်းတွေထဲမှာ ပဲလေ့စ်လိုမျိုး တိုက်စစ်အင်အားကို ပိုင်ဆိုင်ထားတဲ့ အသင်း များများစားစား မရှိပါဘူး။ သူတို့ဟာ ဘယ်ပြိုင်ဘက်ကို မဆို ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

ယူနိုက်တက်ရဲ့ ကစားပုံအပေါ် လူတော်တော်များများ အာရုံစိုက်နေကြပေမယ့်လည်း မန်စီးတီးဟာ ဒါဘီမှာ ဒုတိယပိုင်း လုံးဝကို လွှမ်းမိုး ကစားသွားခဲ့ပါတယ်။ သူတို့ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေ တောက်လျှောက် ဖန်တီး ကစားသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပဲလေ့စ်တို့ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ အံ့အားသင့်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စီးတီးဟာ အခုချိန်မှာ ပဲလေ့စ်တို့ အတွက် တအားကို တောင့်တင်းနေပါတယ်။

ခန့်မှန်းချက် : ခရစ်စတယ်ပဲလေ့စ် ၁-၃ မန်စီးတီး

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းရလဒ်များ

ဘရန့်ဖို့ဒ် ၁-၁ ဘန်လေ
အဲဗာတန် ဝ-၀ ဝုဖ်
လိဒ် ၁-၀ နော့ဝှစ်
ဆောက်သမ်တန် ၂-၀ ဝက်ဖို့ဒ်
ဝက်ဟမ်း ၁-၁ အက်စတွန်ဗီလာ