တူချယ် ခေါ်ဖို့ တိုက်တွန်းမှု၊ အိုဒီဂတ်၊ တီယာနေး၊ လာကာဇက်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်ပရိသတ်အဖြစ် နာမည်ကျော်တဲ့ အစီအစဉ်တင်ဆက်သူ ပီရက်စ်မော်ဂန်က အာဆင်နယ်အနေနဲ့ ချဲလ်ဆီးနည်းပြ တူချယ်ကို ငွေပုံအောပေးပြီး ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

နည်းပြ အာတီတာဟာ ဒီရာသီမှာ ပြည်တွင်းဖလား ပြိုင်ပွဲအားလုံးကနေ ထွက်ခွာခဲ့ရသလို ဇယားထိပ်ဆုံးက အသင်းနဲ့လည်း ၂၁ မှတ်အထိ ကွာဟနေတဲ့ အပြင် အသင်းရဲ့ အကောင်းဆုံး တိုက်စစ်မှုး အူဘာမီယန်ကိုလည်း ရောင်းထုတ်ခဲ့ကြောင်း ၊တူချယ်ကတော့ ထိပ်တန်းနည်းပြဆိုတာ သက်သေပြထားပြီးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ အိုဒီဂတ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ တွက်ဆပုံ မှားယွင်းခဲ့ကြောင်း၊ အာဆင်နယ်ကို ရောက်ခါစတုန်းကအိုဒီဂတ်အနေနဲ့ အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ မထင်မိခဲ့ကြောင်း၊ အခုတော့ အိုဒီဂတ်ဟာ ကောင်းကာင်း အလုပ်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ ပဲလေ့စ်ကြယ်ပွင့် အိုလစ်ကို ခေါ်ယူူ သင့်ကြောင်း၊ အဲဒီကြယ်ပွင့်ဟာ အာတီတာရဲ့ ပုံစံနဲ့ လိုက်ဖက်တဲ့ ကစားသမားဖြစ်ကြောင်း၊ အိုလစ်ဟာ ပေးပို့မှု ကောင်းမွန်ပြီး ဂိုးလည်းသွင်းနိုင်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်း ဝီလန်က တိုက်စစ်မှုး လာကာဇက်အနေနဲ့ အာဆင်နယ်မှာ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ထိုက်တန်သူဖြစ်ကြောင်း၊ တကယ်လို့ လာကာဇက်အနေနဲ့ အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီ ပေးနိုင်ရင် အခြေအနေ ပိုကောင်းမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ရိန်းဂျားစ် ဂန္ထဝင်ကစားသမား Ally McCoist က နောက်ခံလူ တီယာနေးဟာ အာဆင်နယ်ရဲ့ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်ကြောင်း၊ ဆဲလ်တစ်မှာတုန်းက တီယာနေးရဲ့တိုးတက်မှုကို ကောင်းကောင်းတွေ့မြင်ခဲ့ရကြောင်း၊ သူဟာ ဦးဆောင်နိုင်စွမ်း အပြည့်အဝရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်က အဆင့်လေးနေရာအတွက် အာဆင်နယ် က ရေပန်းစားတဲ့အသင်းဆိုပေမဲ့ မိမိတို့အနေနဲ့ လက်လျှော့သွားမှာ မဟုတ်ကြောင်း၊ ကစားဖို့ပွဲစဉ် ၁၀ ပွဲ ကျန်ရှိနေသေးပြီး ကိုယ့်ပွဲစဉ်တွေကို အတတ်နိုင်ဆုံး အမှတ်မလျှော့အောင် အာရုံစိုက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က နည်းပြအာတီတာ အနေနဲ့ ဂွါဒီယိုလာလက်အေက်မှာ ကောင်းကောင်း သင်ယူခဲ့ပုံရကြောင်း၊ အာဆင်နယ်ရဲ့ပုံစံဟာ မန်စီးတီးနဲ့ ဆင်တူနေကြောင်း ဆိုခဲ့ပါတယ်။