စပါးကို နိုင်ပေမယ့် မန်ယူ ခြေစွမ်းက မကောင်းပါဘူးလို့ ဝေဖန်သွားတဲ့ ဂယ်ရီ နဗီးလ်

ဒီတပတ် စပါးကို ၃-၂ နဲ့အနိုင်ရခဲ့ပေမယ့်လဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို ဂယ်ရီနဗီးက အထင်မကြီးခဲ့ပဲ သူတို့က သိပ်ပြီး မကောင်းပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ် အဝေးကန်ချက် သွင်းဂိုးနဲ့ အမြင့် ခေါင်းတိုက်ဂိုး အပါအဝင် မန်ယူနိုက်တက်ရဲ့ ၃ ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး နိုင်ပွဲရရှိစေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နဗီးဟာ မန်ယူနိုက်တက်ရဲ့ အလုံးစုံ စွမ်းဆောင်ရည်ကို အထင်မကြီးခဲ့ပဲ ကလပ်ပရိသတ်တွေဟာ သူတို့ရဲ့ ခြေစွမ်းကို မေးခွန်း ထုတ်ကြလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

“ဒုတိယပိုင်းက တခါတလေ ထူးဆန်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ လုံးဝ ထူးခြားကောင်းမွန်ခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်းတုံ့ပြန်ခဲ့တာပါ။ ယူနိုက်တက် ကတော့ သိပ်ပြီး မကောင်းခဲ့ဘူးလို့ ပြောရမယ်။

ပွဲထဲက အခိုက်အတန့်တွေက မှော်ဆန်ခဲ့ပြီး ပရိသတ်တွေက လုံးဝကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ခရစ္စတီယာနို ရော်နယ်ဒိုကို မြင်တွေ့ခဲ့ရပြီး ထူးခြားတဲ့ တစုံတရာကို မြင်တွေ့လိုက်ရသလို ခံစားရတာပါ။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းအရတော့ စပါးသာ နောက်ကျဂိုး သွင်းယူသွားရင် ယူနိုက်တက်ပရိသတ်တွေက ‘ဒီနေ့ ဘယ်လောက်တောင် ဆိုးလိုက်တဲ့နေ့လဲ’ လို့ ညည်းညူပြီး အိမ်ပြန်ရလိမ့်မယ်။

ဒါပေမယ့် အရေးပါတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး အရေးပါတဲ့ ကစားသမားက ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့သလို သူတို့ကို ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်နိုင်စေခဲ့တယ်။ ဒါပေမယ့် အသင်းလိုက် စွမ်းဆောင်ရည်က သိပ်မကောင်းခဲ့ပါဘူး”လို့ နဗီးက ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဟက်ထရစ်နဲ့အတူ ဂျိုးဆက် ဘီကန်ရဲ့ ထာဝရထိပ်တန်းဂိုးသွင်းမှတ်တမ်းကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ သူဟာ ဖီဖာမှတ်တမ်းအရ ပီလီ၊ ရိုမာရီယို၊ မက်ဆီတို့ရဲ့ မှတ်တမ်းတွေထက် သာလွန်ပြီး ၈၀၇ ဂိုးနဲ့ တစ်ဦးတည်း ရပ်တည်နေတာ ဖြစ်ပါတယ်။