ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ မန်ယူနဲ့ အေဂျက်၊ အိတ်စိုက်ပေးမယ့် ဟာဗက်ဇ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ယူအသင်းဟာ ညက အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အိမ်ကွင်းဒုကျော့ ပွဲမှာ ၁ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ မန်ယူအသင်းလိုပဲ အေဂျက်ကလည်း ဘင်ဖီကာ ကို အိမ်ကွင်းမှာ ရှုံးကာ ထွက်ခဲ့ရပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ကိုင်ဟာဗက်ဇ်က အသင်းအနေနဲ့ အဝေးကွင်းပွဲစဉ်တွေ သွားရောက်ဖို့ လမ်းစရိတ်မရှိပါက သူ့အိတ်ထဲကနေ စိုက်ထုတ် ပေးသွားမှာဖြစ်ကြောင်း၊ သူ့အတွက် ဒါဟာပြဿနာမဟုတ်ဘဲ ပွဲစဉ်တွေကစားဖို့ကသာ အရေးကြီးဆုံးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်ကတော့ ချန်ပီယံလိဂ်ပွဲမှာ အက်သလက်ကစားသမားတွေရဲ့ အချိန်ဆွဲမှုကို ဝေဖန်ခဲ့ပြီး ဒုတိယပိုင်းမှာ အက်သလက် ကစားသမားတွေက ခဏခဏ လှဲချနေပြီး ပွဲကခဏခဏ ရပ်နေခဲ့ရကြောင်း၊ ဒီလောက် အချိန်ဆွဲတာတောင် အချိန်ပို ၄ မိနစ်ပဲ ရခဲ့တာ ဟာသဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ယှဉ်ပြိုင်မဲ့ ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ အက်ဖ်အေဖလားပွဲစဉ်ကို ပရိသတ်တွေ မပါစေဘဲ တံခါးပိတ်ပြီး ယှဉ်ပြိုင်သွားဖို့ တောင်းဆိုထားပေမယ့် အဆင်ပြေခြင်း မရှိသေးပါဘူး။

မန်ယူ ဂိုးသမား ဒီဂီယာဟာ အက်သလက်တီကိုအား အရေးနိမ့်ခဲ့မှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အလွန် ဝမ်းနည်းမိကြောင်း၊ အသင်းဟာ လုံလောက်တဲ့ ခြေစွမ်း မပြနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်ဟာ သူတို့အတွက် ခက်ခဲတဲ့ အခြေအနေဖြစ်ပြီး အကောင်းဆုံး တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လက်ရှို ဗီလာမှာ အငှားကစားနေပြီးခြေစွမ်းပြထားနိုင်သူဖြစ်ပါတယ်။ ဗီလာကလည်း သူ့ကို ယူရိုသန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မန်စီးတီးအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး လုပ်ခလစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ ပေးချေသွားဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ရီးရဲလ်ကလည်း ကြိုးစားမှာ ဖြစ်ပေမယ့် မန်စီးတီးကတော့ ဟာလန်းကို ခေါ်ယူနိုင်မယ် လို့လည်း ယုံကြည်စိတ် ပြင်းပြနေပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှုး မက်ဆီအနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အသင်းဟောင်း ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွာသွားပြီးကတည်းက ဥက္ကဋ္ဌ လာပေါ်တာ နဲ့ အဆက်အသွယ်မရှိခဲ့သလို သူ့ဖခင်ကလည်း ဘာစီကိုပြန်ဖို့ မပြောကြောင်း သိရပါတယ်။

ဘာစီလိုနာ လူငယ် ကစာသမားဖြစ်တဲ့ ဂါဗီ က အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို နိူင်ခြင်း မရှိသေးတဲ့ အပေါ်ကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ယူ၊ လီဗာပူး နဲ့ ချဲလ်ဆီး အသင်းတို့ကဝင်ရောက် အခွင့်ကောင်းယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။