ချန်ပီယံလိဂ် ဆို ရှုံးထွက်ကနေ ပြန်နေကျ ဖြစ်လာရတဲ့ နာမည်ကျော် ရော်နယ်ဒိုနဲ့ မက်ဆီ
ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံး ကစားသမား(၂)ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ ကတော့ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့(၁၆)သင်း အဆင့်ကနေပဲ လှည့်ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။
သူတို့(၂)ဦးလုံးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အောင်မြင်မှုတွေရယူနိုင်ဖို့ အသင်းသစ်တွေကို ပြောင်းရွှေ့ခဲ့ကြတာပါ။ မက်ဆီ က ဘာစီလိုနာ ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ ကို ပြောင်းခဲ့ကာ ရော်နယ်ဒို ကတော့ ဂျုဗင်တပ်စ် ကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ (၁၆)သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် (၂)သင်းလုံးဟာ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်နဲ့ အသလက်တီကို မက်ဒရစ် အသင်း တို့ကို အရေးနိမ့်ခဲ့တာပါ။

အဲ့ဒါကြောင့် သူတို့(၂)ဦးလုံးဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို စောစီးစွာလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဟာ ပြီးခဲ့တဲ့ရာသီကလည်း (၁၆)သင်း အဆင့်ကနေပဲ ထွက်ခဲ့ရတာကြောင့် (၂)နှစ်ဆက်တိုက် ဒီအဆင့် ကနေပဲ ထွက်ခွာခဲ့ရတာပါ။
ရော်နယ်ဒို ကတော့ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း အောင်မြင်မှုရယူနိုင်မယ့် ဆုဖလား မရှိတော့တာကြောင့် ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရပြီဖြစ်ပါတယ်။

မက်ဆီ ကတော့ ပီအက်စ်ဂျီ အသင်းနဲ့အတူ ပြင်သစ်လီဂူးဝမ်းကို ရယူနိုင်ဖို့ ရှိနေတာကြောင့် ဆုဖလား ကိုင်မြှောက်ခွင့် ရဦးမှာပါ။ ဒါ့အပြင် မက်ဆီ ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ခွင့်ရဖို့က သေချာနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဆက်လက် ရုန်းကန်ရဦးမှာလည်း ဖြစ်ပါတယ်။