အာတီတာကို ခေါ်ချင်တဲ့ ပီအက်စ်ဂျီ၊ ပြောင်းလဲလာတဲ့ အိုဒီဂတ်၊ ဆာလီဘာ စာချုပ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
လီဗာပူးနည်းပြကလော့ကတော့ လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ရာခိုင်နှုန်းပြည့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ ဖြစ်ကြောင်း၊ အာဆင်နယ်ဟာခိုင်မာတဲ့ ကစားကွက်၊ တည်ဆောက်ပုံ ရှိလာပြီး အသင်းကောင်း တစ်သင်းဖြစ်ကြောင်း၊ အာတီတာဟာ အံ့အားသင့်ဖွယ်အလုပ်ကို လုပ်ဆောင်နေကြောင်း ဒီညပွဲ မတိုင်ခင်မှာ ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်ကတော့ သူတို့အနေနဲ့ နည်းပြအာတီတာကို စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိမှာ အာတီတာကို ခေါ်ယူဖို့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ အသင်းက စောင့်ကြည့်နေပြီး အာတီတာရဲ့စာချုပ်ဟာ တစ်နှစ်ခွဲသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက လက်ရှိနောက်ခံလူ ဟိုလ်ဒင်းဟာ အာဆင်နယ်ဂန္ထဝင် တိုနီအဒမ်နဲ့ ဆင်တူတဲ့ ကစားသမားဖြစ်ကြောင်း၊ သူဟာ လေ့ကျင့်ရေးကွင်းမှာ နိုင်လိုစိတ် ပြင်းပြပြီး အသင်းဖော်တွေကို ဦးဆောင် ပေးနိုင်သူဖြစ်ကြောင် ဖွင့်ဟခဲ့ပါတယ်။
ရမ်ဒေးစ်ရဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံးဂိုးသမားဆိုတဲ့ လက်စတာနည်းပြ ရော်ဂျာရဲ့မှတ်ချက်ကို အာဆင်နယ် နည်းပြ အာတီတာက တုံ့ပြန်ခဲ့ပြီး အဲဒီလိုတွေးပေးတဲ့အတွက် ရော်ဂျာကို ကျေးဇူးတင်မိကြောင်း၊ ဒီလိုမျိုးစကားတွေဟာ ရမ်ဒေးစ်ကို ယုံကြည်မှု ပေးစွမ်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က အာဆင်နယ်ဟာ အာတီတာလက်အောက်မှာ နည်းလမ်းမှန်မှန်နဲ့ တိုးတက်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုစပြီး စိန်ခေါ်နိုင်ဖို့ ဆိုရင် အနည်းဆုံး ကစားသမား ၅ ဦးခန့် အားဖြည့်ရမှာဖြစ်ကြောင်း၊ အာဆင်နယ် အနေနဲ့ ကွင်းလယ်လူနှစ်ဦးနဲ့ ဗဟိုနောက်ခံလူတစ်ဦး ခေါ်သင့်ကြောင်း ဂျွန်ဆင်က တိုက်တွန်းခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ဟယ်ဆယ်ဘိန့်က အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ဟာ လက်ရှိအချိန်မှာ ရာသီ အစတုန်းကနဲ့ ခြားနားတဲ့ ကစားသမားဖြစ်နေပြီဖြစ်ကြောင်း၊ အိုဒီဂတ်ဟာ လူငယ်ကစားသမား တစ်ယောက် အနေနဲ့ အမှားတွေ ကျူးလွန်ခဲ့ပေမဲ့ အဲဒီအမှားတွေက သူ့ကိုရင့်ကျက်လာအောင် ကူညီပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ မာဆေးကို အငှားချထားတဲ့ နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂၀ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ မာဆေးမှာ ခြေစွမ်းပြနေပြီး သူ့စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။