မဆိုင်တော့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေ အများဆုံး အသင်းတွေ ရွေးခဲ့တဲ့ မက်ဆီ
ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ပြင်သစ်ကလပ်နဲ့အတူ ဒီနှစ် ချန်ပီယံလိဂ် မှာ ရှုံးထွက် အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပေမယ့် ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ၅ သင်းကို ရွေးထုတ် သွားခဲ့ ပါတယ်။
မက်ဆီ ရဲ့ ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက ရီးရဲ မက်ဒရစ် ကို အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါပြီ။ ပီအက်စ်ဂျီ ဟာ ဒီရာသီမှာ မက်ဆီ ၊ ဒွန်နာရမ်မာ ၊ ရာမိုစ့် ၊ ဟာခီမီ တို့ကို ခေါ်ယူ အားဖြည့် ထားပြီး နေမာ ၊ ဘာပေ ၊ ဒီမာရီယာ ၊ ဗာရက်တီ တို့လို ကစားသမားတွေလည်း ရှိနေတာကြောင့် ဥရောပမှာ သရဖူဆောင်းဖို့ အလေးပေး အခံရဆုံး အသင်း ဖြစ်ခဲ့ပါတယ်။
ပြင်သစ် ထိပ်သီး အသင်းဟာ ရီးရဲ ကို ပထမ အကျော့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ရခဲ့ပြီး ဒုတိယ အကျော့ အဝေးကွင်းမှာတော့ ရီးရဲ တိုက်စစ်မှူး ဘန်ဇီးမား က တဦးတည်း ဟက်ထရစ် သွင်းယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ မက်ဆီ ၊ နေမာ ၊ ဘာပေ တို့ကို ပြိုင်ပွဲ ကနေ ထွက်ခွာရစေခဲ့ပါတယ်။

ပီအက်စ်ဂျီ နဲ့ အတူ ပြိုင်ပွဲကနေ မထွက်ခွာရခင်က မက်ဆီ က – “လူတိုင်းက ကျွန်တော်တို့ကို ရေပန်း အစားဆုံးလို့ ဝိုင်းပြီး သတ်မှတ် ထားကြပါတယ် ။ အသင်းရဲ့ အင်အား အရ ဒါကို ကျွန်တော် မငြင်းနိုင် ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့မှာ တိုးတက်စရာတွေ အများကြီး ရှိနေ ပါသေးတယ်။
ပွဲတပွဲ ကို အသင်းတသင်း ပုံစံမျိုးနဲ့ အနိုင် ယူဖို့ လိုအပ်သလို အသင်းက ထိပ်သီး ကစားသမားတွေ ရဲ့ စွမ်းဆောင်မှုတွေလည်း ပါဝင်ဖို့ လိုအပ်မှာပါ” လို့ မက်ဆီ က ၁၆ သင်းဆင့် ကနေ လက်ပြ မနှုတ်ဆက်ရခင် မှာ စပိန် သတင်းစာ မာကာ ကို ဖွင့်ပြောသွားခဲ့ ပါတယ် ။
ဆက်လက်ပြီး “နောက်ပြီးတော့ ကျွန်တော်တို့ ချည်းပဲ ( ဗိုလ်စွဲဖို့ ) ရေပန်း စားနေတာ မဟုတ်ပါဘူး ။ အခြား ထိပ်တန်း အသင်းတွေ ၊ အခြား ချန်ပီယံလောင်းတွေလည်း ရှိပါတယ်။ အကောင်းဆုံး အသင်းတွေ ဒီမှာ ဝင်ပြိုင်နေကြတာပါ ၊ အပေါ်ဆင့်တွေ ရောက်လေ ပိုခက်ခဲ လေပါပဲ”
“ဒီဘက်ခေတ်တွေမှာ လီဗာပူး က အရမ်းကောင်းတဲ့ အသင်း တသင်းပါ ။ ချန်ပီယံလိဂ် နဲ့ ပြန်ထိတွေ့တဲ့ လီဗာပူး ဖြစ်နေ ပါပြီ ။ မန်စီးတီး ၊ ဘိုင်ယန်မြုးနစ် ၊ ရီးရဲလ် နဲ့ အက်သလက်တီကို မက်ဒရစ် တို့ကလည်း ဗိုလ်စွဲဖို့ အလားအလာကောင်းတဲ့ အသင်းတွေပါပဲ” လို့ မက်ဆီ က ပြောပြသွားခဲ့ပါတယ်။