လီဗာပူးကို ရှုံးတဲ့ ဂန်းနားများ၊ ကွာတားတက် ချဲလ်ဆီး၊ မန်ယူနဲ့ မဆိုင်လို့ ငြင်းနေတဲ့ တန်ဟက်နဲ့ နံနက်ခင်း သတင်းများ
လီဗာပူးအသင်းဟာ ညက အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး မန်စီးတီးကို အမှတ်ပေးဇယားမှာ တစ်မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမဲ့ သူတို့အသင်းဟာ အံ့အားသင့်ဖွယ် စွမ်းရည်ကို ပြသခဲ့ကြောင်း၊ ရလဒ်ပိုင်းက ခြေစွမ်းအပေါ် သက်ရောက်မှုရှိတယ်လို့ မထင်မိကြောင်း၊ သူတို့အနေနဲ့ အခွင့်အရေးကောင်းနှစ်ကြိမ်ကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း၊ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဒီရာသီမှာ တည်ငြိမ်လွန်းတဲ့ အသင်းတွေ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
လီဗာပူးနည်းပြကလော့ သူ့အနေနဲ့ ချန်ပီယံဆုနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို အလွန်စိတ်လှုပ်ရှားမိကြောင်း၊ ဒါဟာ ခက်ခဲမှာဖြစ်ပေမဲ့ လက်ရှိပုံစံအတိုင်း စိတ်ဓာတ်ခိုင်မာစွာနဲ့ အကောင်းဆုံးရှေ့ဆက်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အခုဆိုရင် လီဗာပူးဟာ မန်စီးတီးနောက် တစ်မှတ်အကွာနဲ့ ဖိအားလိုက်ပေးနိုင်ပြီ ဖြစ်ပါတယ်။

ဆီဗီလာမှာ အငှားနဲ့ ကစားနေတဲ့ မာရှယ်လ်က စီရော်နယ်ဒိုကြောင့် မန်ယူအဝတ်လဲခန်းအတွင်း အနှောင့်အယှက် ဖြစ်ရတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး စီရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးတွေ ထဲက တစ်ယောက်ဖြစ်ပြီး သူ့ကိုအသင်းဖော်တွေက နှစ်သက်ကြကြောင်း၊ မီဒီယာတွေပြောနေတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ လိုင်လီကို အဝေးကွင်းမှာလည်း ၂-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ တူချယ် ကတော့ ချန်ပီယံလိဂ် ပွဲပေါင်း ၅၀ မှာ ၃၂ ပွဲ အထိ အနိူင်ယူနိူင်ခဲ့ပြီ ဖြစ်တာကြောင့် ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ပွဲ နည်းနည်း နဲ့ နိူင်ပွဲ များများ ယူနိူင်တဲ့နည်းပြ ဖြစ်လာပါတယ်။
အာဆင်နယ် အသင်းက လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ၂၅ ပွဲ ရှုံးပွဲကြုံခဲ့ပြီ ဖြစ်ပြီး မန်ယူ ကို ရှုံးတဲ့ ပွဲ အရေအတွက် နဲ့ တူညီသွားကာ ပရီးမီးယားလိဂ် မှာ ပြိုင်ဘက် တစ်သင်း ထဲ ကို အရှုံးအများဆုံး ဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက သူဟာဂိုးသွင်းလေ့ မရှိသူဖြစ်လို့ လိုင်လီနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက ်ပျော်ရွှင်မိကြောင်း၊ လက်ရှိ ဒီအစုအဖွဲ့ဟာ အရာရာအတွက် တိုက်ပွဲဝင်နေကြောင်း၊ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ်တာက သူတို့ လုပ်နိုင်တဲ့ အရာ ဖြစ်ကြောင်း၊ သူတို့အနေနဲ့ ဒီရာသီမှာ ကောင်းမွန်တဲ့ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘာစီလိုနာ နည်းပြ ဇာဗီက သူတို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေမှု အပေါ် ဒါတွေက ယူဆချက် သက်သက်သာ ဖြစ်ကြောင်း၊ သူတို့ဟာ ပစ္စုပ္ပန်အတွက် အလုပ် လုပ်နေပြီး ဘောလုံးမှာ တစ်ဦးချင်း ထက် အသင်းလိုက်က ပိုအရေးကြီးကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ဟာလန်းက မန်စီးတီးကို ရောက်ဖို့တော့ များနေပါတယ်။

အေးဂျက် နည်းပြ ဖြစ်တဲ့ အဲရစ်တန် ဟက် ကတော့ သူ့အနေနဲ့ အင်္ဂလိပ် စကား ပြောသင်နေတယ် ဆိုတာက အများထင်သလို မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ မဟုတ်ကြောင်း၊ ကလပ်မှာ နိူင်ငံခြား ကစားသမားတွေ ရှိတာကြောင့် အင်္ဂလိပ်လို ပြောဆိုတာဖြစ်ကြောင်း အခုချိန်မှာ သူက အေးဂျက် အသင်းအတွက်သာ အာရုံစိုက်ပြီး အနာဂတ် အတွက် ဘာမှ စဉ်းစားထားခြင်းမရှိဘူးလို့ ဆိုပါတယ်။