ပရီးမီးယားလိဂ် တစ်ခုတည်း ကစားနေရပေမယ့် သူ့အသင်း ပွဲကြပ်တယ်လို့ အာတီတာ မကျေမနပ် ဆို
အာဆင်နယ် နည်းပြ အာတီတာ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲတာမှာ သူ့အသင်းအပေါ် မတရား ပြုမူတယ်လို့ ခံစားရကြောင်း ညက လီဗာပူးကို ရှုံးတဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီမနက် က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ (၆)ရက်အတွင်း တတိယမြောက်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ လာမယ့်လမှာလည်း ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် တို့နဲ့ (၃)ရက်ခြားပြီး ယှဉ်ပြိုင်ရဦးမှာပါ။

အာတီတာ ကတော့ ဒီလို ပွဲစဉ်ဇယား ရေးဆွဲတဲ့ အပေါ်မှာ စိတ်ပျက်နေပြီး သူတို့ကို ဒီလိုလုပ်ပေးတဲ့ ပရီးမီးယားလိဂ်ကို ကျေးဇူးတင်တယ်လို့ အရွဲ့တိုက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။
အာတီတာ က “ဒီလို လုပ်ပေးတဲ့ အတွက် ပရီးမီးယားလိဂ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် တို့နဲ့ ကစားမယ့်အခါမှာလည်း သူတို့က အခုလိုပြန်ပြီးလုပ်ခဲ့ပြန်ပါတယ်”
“အဲ့ဒါကြောင့် သူတို့ကို အခွင့်ကောင်း တခုခုပေးချင်တယ်ဆိုရင် ဒီနေ့ သူတို့ကို ကျွန်တော်ပြောလိုက်မယ် ဒီလိုလုပ်တဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့ပေါ့။ ပရီးမီးယားလိဂ်က အချိန်ဇယားကို ဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး”
“ဒါပေမယ့် သက်ရောက်မှုက အာဆင်နယ်ဖြစ်ပြီး ကျွန်တော်ဂရုစိုက်တဲ့ တစ်ခုတည်းသောအရာကလည်း အာဆင်နယ်ပါပဲ။ အာဆင်နယ် အတွက်တော့ ဒါဟာ မျှတမှုမရှိပါဘူး။ ကစားသမားတွေဟာ စနေနေ့အတွက်လည်း စွမ်းအင်တွေရှိနေမှာပါ။ ဒါကို စိတ်မပူပါနဲ့”
“သူတို့ ကောင်းကောင်းစားမယ်။ ကောင်းကောင်း အိပ်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုပွဲစဉ်ဇယားတွေ ရေးဆွဲပေးတဲ့ ပရီးမီးယားလိဂ်ကိုတော့ ကျေးဇူးအများကြီးတင်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က ဒီရာသီ ဥရောပပွဲ ကစားစရာ မရှိသလို အခြား ပြိုင်ပွဲတွေ ဖြစ်တဲ့ အက်ဖ်အေ၊ ကာရာဘောင်းတို့ကလည်း စောစောထွက်ထားတာကြောင့် ပရီးမီးယားလိဂ် တစ်ခုတည်းသာ အာရုံစိုက် ကစားနေရတာပါ။