ပွဲကျန်နိုင်လိုက်တဲ့ အဲဗာတန်၊ လာကာကူ နဲ့ တီကို၊ ဟာဇက်ကိုခေါ်ချင်တဲ့ ဂန်းနားများနဲ့ နံနက်ခင်း သတင်းများ

ပရီးမီးယားလိဂ်ပွဲကျန်မှာတော့ လမ်းပတ်ရဲ့ အဲဗာတန်ဟာ အိမ်ကွင်းမှာ နယူးကာဆယ်ကို အလဲထိုးပြီး တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ အရေးပါတဲ့ အနိုင် ၃ မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။

မန်ယူအသင်းက တိုက်စစ်မှူးဖြစ်တဲ့ မားကပ်စ် ရက်ချ်ဖိုဒ့် ကတော့ သူ့ အနာဂတ် အတွက်ကို မကြာခင် ဆုံးဖြတ်သွားဖို့ စီစဉ်နေပါတယ်။ သူ့ အေးဂျင့် ကတော့ တစ်ခြား ဥရောပါ ကလပ်တွေ ကို စတင်ဆက်သွယ်နေတယ်လို့ လည်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်က လက်ရှိမှာ အသင်းက ဈေးကွက်အပိတ်ခံထားရလို့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရခြင်း မရှိသေးကြောင်း၊ တကယ်လို့ဒီပြဿနာတွေဖြေရှင်းပြီးသွားရင် ဂျော်ဂျင်ဟိုရဲ့ဦးစားပေးမှာ ချဲလ်ဆီးနဲ့ စာချုပ်ကိစ္စ ဆွေးနွေးရေးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

စပါးနောက်ခံလူဟောင်း ဝုဒ်ဂိတ်က အာဆင်နယ်နည်းပြ အာတီတာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး လက်ရှိမှာ အာဆင်နယ်ရဲ့ ကစားပုံက တကယ့်ကို ကောင်းမွန်နေကြောင်း၊ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့ရင် အလွန် အံ့ဖွယ်ရာသီဖြစ်မှာ ဖြစ်ကြောင်း၊ အာဆင်နယ်လို အသင်းမျိုးဟာ နောက်ဆုံး ၅ နှစ်ဆက် ချန်ပီယံလိဂ် မဝင်ခဲ့ဘူး ဆိုတာက မယုံနိုင်စရာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာ နောက်ခံလူဖြစ်တဲ့ ရော်နယ် အရာဂျို ကို ခေါ်ယူဖို့အတွက် မန်ယူ နဲ့ အာဆင်နယ်တို့က ကမ်းလှမ်းလိုက်တယ်လို့ မာကာသတင်းမှာ ဖော်ပြလာပါတယ်။ ဒီ ဥရုဂွေးသားက ဘာကာ နဲ့ စာချုပ် ၁၂ လသာ ကျန်တော့တာကြောင့် ဥရောပအသင်းတွေ မျက်စိကျခြင်း ခံနေရပါတယ်။

လိုင်ယွန် တိုက်စစ်မှူးဖြစ်တဲ့ မော်ဆာ ဒမ်ဘီလီကို စိတ်ဝင်စားနေတဲ့ အသင်းထဲ အာဆင်နယ် အသင်းလည်း ပါဝင်လာပြီ လို့ စပိန် မာကာသတင်း က ဆိုပါတယ်။ ဒီကစားသမားက မန်ယူအသင်းနဲ့ သတင်းထွက်နေတာ ဖြစ်ပြီး တိုက်စစ်မှူး ရှာနေတဲ့ အာဆင်နယ်လည်း စိတ်ဝင်စားလာတာပါ။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို ရောင်းထုတ်လိုက်ရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ မန်ယူက ဆန်ချိုကိုထိန်းပြီးစီရော်နယ်ဒိုကို ရောင်းရမယ်။ ကာဗာနီလည်း အသင်းကနေ ထွက်မှာ။ မာရှယ်လ်လည်းထွက်မှာ”လို့ ဒါရင်းဘန့်က ဆိုခဲ့ပါတယ်။

အက်သလက်တီကို အသင်းက ချဲလ်ဆီး အသင်းမှာ နေရာမရ ဖြစ်နေတဲ့ လူကာကူ ကို လာမယ့်နွေမှာ ကနဦး အငှားနဲ့ခေါ်ယူလိုနေတယ်လို့ Fichajes က ဆိုပါတယ်။ ဆွာရက်စ် က နောက်ရာသီမှာ ထွက်တော့မှာကြောင့် ဒီယေဂို ဆိုင်မြွန်းက အစားထိုးချင်နေတာပါ။

အာဆင်နယ် အသင်းနဲ့ နယူးကာဆယ် တို့ကတော့ ရီးရဲလ် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဟာဇက် ကို ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ခေါ်ယူချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ရီးရဲလ်မှာပဲ ဆက်ရှိနေချင်တယ် လို့ မာကာတိုက ဆိုသည်။